ရေး၊ အောက်တိုဘာ ၁၂
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့စည်ပင်သာယာရေးအဖွဲ့က ဝန်ထမ်းတစ်ဦးကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ သန့်ရှင်းရေးဝန်ထမ်း အသက် ၂၉ နှစ်အရွယ် ကိုခင်ချို ဖြစ်ပြီး မနေ့ အောက်တိုဘာ ၁၁ ရက်နေ့ နေ့လည်ပိုင်းမှာ လမိုင်းမြို့ကနေ နှစ်ကရင်အသွားလမ်းမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
မြို့ခံတွေရဲ့ ပြောပြချက်အရ စည်ပင်ဝန်ထမ်း ကိုခင်ချိုကို နှစ်ကရင်လမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
စည်ပင်ဝန်ထမ်း ကိုခင်ချိုအား ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ရေးမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း ဝန်ထမ်းတွေ မကြာခဏဆိုသလို ဖမ်းဆီးခံနေရတဲ့အတွက် စစ်အစိုးရက ခွင့်ပြုချက်မရှိဘဲ ခရီးမသွားဖို့ ညွှန်ကြားထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

