ရေဖြူ၊ အောက်တိုဘာ ၁၃

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့အနီးမှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ် ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်သား သုံးဦး သေဆုံးခဲ့တယ်လို့ ရေးဘီးလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက် မနက် ၈ နာရီခွဲအချိန်လောက်မှာ လော့သိုင်းကျေးရွာနဲ့ ကျွဲတလင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က စစ်သား သုံးဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို ရေးဘီလူးတပ်ဖွဲ့နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေဘက်က အထိအခိုက်မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲပြီးနောက် အာဏာသိမ်း စစ်တပ်ဟာ လော့သိုင်းကျေးရွာက ဥယျာဉ်ခြံ လုပ်သား သုံးဦး ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဒေသခံတွေ သွားလာနေတဲ့ ဥယျာဉ်ခြံလမ်းကိုလည်း ပိတ်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကလည်း ရေဖြူမြို့နယ် ကျွဲတလင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ် တိုက်ခိုက်ခံရတာကြောင့် စစ်သား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.