ဘားအံ၊ အောက်တိုဘာ ၂၃
တိုက်ပွဲတွေနဲ့ လေကြောင်းဗုံးကြဲမှုတွေ၊ စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုတွေနဲ့ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွေ ရှိနေတဲ့ ကရင်ပြည်နယ်မှာ လာမယ့် သီတင်းကျွတ်ပွဲတော်ကာလမှာ ပျော်ပွဲရွှင်ပွဲတွေ စည်ကားစွာ ကျင်းပပြုလုပ်ဖို့ ကရင်ပြည်နယ် စစ်အစိုးရက စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ စစ်အစိုးရခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးရဲ့ ဦးဆောင်မှုနဲ့ လာမယ့် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ကရင်ပြည်နယ် ဘားအံမြို့က သီရီကွင်းမှာ မီးပုံပျံလွှတ်တင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။
အဲဒီမီးပုံပျံလွှတ်တင်ပွဲမှာ မီးပုံးပျံ အသေးအကြီး စုစုပေါင်း၂၀၀ ကျော် လွှတ်တင်သွားမှာဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းမှာလည်း ဘားအံမြို့ သေဌမာန်အောင်ဘုရားကြီးမှာ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲပါ ကျင်းပလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကရင်ပြည်နယ်စစ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သီတင်းကျွတ်ပွဲတော်အပြီး လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်မယ့် ကရင်ပြည်နယ်နေ့အတွက် ရိုးရာဒုံးအက၊ လက်ဝှေ့ အစရှိတဲ့ ပျော်ပွဲရွှင်ပွဲတွေကိုလည်း စည်စည်ကားကား ပြုလုပ်သွားဖို့ စစ်အစိုးရခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ညွှန်ကြားထားပါတယ်။
ပျော်ပွဲရွှင်ပွဲတွေသာမက ဘားအံမြို့က အထင်ကရနေရာတွေမှာလည်း ခရီးသွားလည်ပတ်မှုတွေ ပိုမိုများပြားလာအောင် စီစဉ်လုပ်ဆောင်ကြဖို့ ဦးစောမြင့်ဦးက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့ ဘားအံမြို့ အပါအဝင် မြို့တချို့မှာ စစ်မှုထမ်းအတွက် စစ်တပ်က အဓမ္မပေါ်တာဆွဲဖမ်းဆီးတာတွေ ရှိနေပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းယူတာတွေအပြင် ထိုင်းကုန်ပစ္စည်းတွေကိုပါ သိမ်းယူနေတာတွေ လုပ်ဆောင်နေပါတယ်။ အထူးသဖြင့်တော့ မြဝတီမြို့တွင်းမှာ ပေါ်တာဆွဲဖမ်းဆီးကြမ်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကရင်ပြည်နယ်မှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၉)ကို တက်ရောက်ကြမယ့် စစ်မှုထမ်းတပ်သားသစ်တွေကို ဘားအံမြို့မှာ အောက်တိုဘာ ၁၀ ရက်နေ့က စစ်အစိုးရခန့် ကရင်ပြည်နယ်ဝန်ကြီး သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။
စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၉)အတွက် ကရင်ပြည်နယ်ကနေ တက်ရောက်မယ့် စစ်မှုထမ်းသင်တန်းသားသစ်တွေဟာ ပြည်နယ်အတွင်းမှာ စစ်တပ်ရဲ့ အတင်းအဓမ္မဖမ်းဆီးခံရသူတွေ အများစုဖြစ်ကြပြီး စုစုပေါင်းဦးရေ ၇၀ ခန့် ရှိတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်စစ်အစိုးရက NCA ထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ KNU ဥက္ကဌဟောင်းဖြစ်သူ ပဒိုစောမူတူးစေးဖိုးတို့ကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးအကြောင်းပြကာ ဘားအံမြို့မှာ ငြိမ်းချမ်းရေးဖိုရမ်တစ်ခုကိုလည်း ကျင်းပထားပါတယ်။
အဲဒီနောက်ပိုင်းမှာ ကရင်ပြည်နယ်အတွင်းမှာ စစ်တပ်က စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေ ကျေးရွာတွေအပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်ကာ စစ်ရေးထိုးစစ်ဆင်မှုတွေ အရှိန်မြှင့်တင်လာခဲ့တာကြောင့် တိုက်ပွဲတွေမပြတ် ဆက်ဖြစ်နေခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

