နေပြည်တော် ၊ အောက်တိုဘာ ၁၃
အာဏာသိမ်း စစ်အစိုးရက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု ရရှိဖို့ နည်းမျိုးစုံ ကြိုးပမ်းနေချိန်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က အဓိကမိတ်ဖက်ဆွေးနွေးဖက်အဖြစ် ဆက်လက်အတည်ပြုလာပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တန်ဇန်းနီးယားနိုင်ငံ၊ အားရူးရှားမြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ (၁၅၃) ကြိမ်မြောက် အထွေထွေညီလာခံကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာပါ။
ညီလာခံပဉ္စမနေ့အဖြစ် အောက်တိုဘာ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ အမှုဆောင်ကောင်စီအစည်းအဝေးမှာ CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့ အဓိကမိတ်ဖက်ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုထားမှုကို ဆက်လက်ထားရှိဖို့ အတည်ပြုဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အမှုဆောင်ကော်မတီက လက်ရှိ အာဏာသိမ်းစစ်အစိုးရကို တရားဝင်မှု မပေးကြဖို့ သက်ဆိုင်ရာအစိုးရတွေကို တိုက်တွန်းပေးဖို့ IPU အဖွဲ့ဝင်လွှတ်တော်တွေကို တိုက်တွန်းခဲ့ပါတယ်။ IPU ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၄ နိုင်ငံက နိုင်ငံတော်အဆင့် လွှတ်တော်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာလွှတ်တော်အဖွဲ့အစည်း ဖြစ်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နဲ့ ဖွဲ့စည်းထားတဲ့ CRPH ကို အဓိကမိတ်ဖက် ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ဒီကနေ့တိုင် ဆက်လက် အတည်ပြုခဲ့တာပါ။
ဒီလိုမျိုး CRPH ကို ဆက်လက်အသိအမှတ်ပြုတာဟာ မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစိတ်ဆန္ဒကို အကြမ်းဖက်မှုတွေ အပါအဝင် ဘယ်နည်းလမ်းနဲ့မှ ဖျက်ဆီးနိုင်ခြင်းမရှိတာကို ထပ်မံ သက်သေပြတာလို့ ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ ဒီမိုကရေစီအနာဂတ်ကို ဖော်ဆောင်ပေးနိုင်ရေးအတွက် ယုံကြည်အားကိုးစွာ ဒီမိုကရေစီနည်းကျ အပ်နှင်းထားတဲ့ အခွင့်အာဏာကို ဆက်လက်ကျင့်သုံးကြိုးပမ်းသွားမယ်လို့ CRPH က အသိပေးထားတာပါ။
တစ်ဘက်မှာ စစ်အစိုးရက အတုအယောင်ရွေးကောက်ကနေတစ်ဆင့် ပုံဖော်ဖန်တီးထားတဲ့ လွှတ်တော်နဲ့ အစိုးရယန္တရားတွေကို နိုင်ငံတကာအသိုက်အဝန်းရဲ့ အသိအမှတ်ပြုမှု ရရှိဖို့ ကြိုးပမ်းနေမှုကို တားဆီးနိုင်ဖို့ ညီလာခံအတွင်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
လောဆယ်မှာ စစ်အစိုးရကို ဦးဆောင်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က မိတ်ဖက်နိုင်ငံတချို့နဲ့ အာဆီယံအဖွဲ့ဝင် ၅ နိုင်ငံအထိ သွားရောက်ခွင့်ရရှိခဲ့တဲ့အပေါ် အသိအမှတ်ပြုမှုရဖို့ စည်းရုံးထားတာပါ။
အထူးသဖြင့် အာဆီယံထဲ ပြန်လည်ဝင်ဆံ့ရေးအတွက် ကြိုးပမ်းတဲ့နေရမှာ အဖွဲ့ဝင်နိုင်ငံက အစိုးရတွေရဲ့ ထိတွေ့ဆက်ဆံမှုကို ရရှိလာနေပြီး ဘရူနိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံက အစိုးရတွေနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ အစီအစဉ်ရှိနေတယ်လို့ စစ်အစိုးရဘက်က ထုတ်ပြောခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက CRPH ကို အသိအမှတ်ပြုတဲ့ သဘောနဲ့ တိုက်ရိုက် ဆက်ဆံတာတွေ သိပ်မတွေ့ရပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုတော့ ဆက်ဆံတာတွေ ရှိတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က နှစ်ဘက်စလုံးဟာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ရဖို့ အားပြိုင်နေတဲ့ အနေအထားမှာ စစ်ရေးအသာစီးရတဲ့ဘက်ကို နိုင်ငံတကာက လိုက်လာမှာပဲလို့ သုံးသပ်ပါတယ်။
“သူက De facto (လက်တွေ့မြေပြင် ထိန်းချုပ်မှု) ကနေ De jure (ဥပဒေအရ/ရွေးကောက်ပွဲအရ အသိအမှတ်ပြုမှု) ဖြစ်အောင် ကြိုးစားနေတာပေါ့ မအလက ။ အဲဒီလို ကြိုးစားနေတာကိုလည်း အသိအမှတ်ပြုတဲ့ နိုင်ငံတွေလည်း ရှိတယ်။ အသိအမှတ်မပြုတဲ့ နိုင်ငံတွေလည်း အများကြီးရှိတာပေါ့လေ။ ထို့နည်းတူပဲ CRPH ကို ဆက်ဆံတဲ့ လူတွေလည်း ရှိ ၊ မဆက်ဆံတဲ့ လူတွေလည်း ရှိတာပေါ့။ အဲဒီအနေအထားတော့ အားပြိုင်နေတာပါ။ ဒါပေမယ့် ဆရာတို့ကျတော့ နိုင်ငံရေးအမြင် စစ်ရေးအမြင်နဲ့ ကြည့်တဲ့အခါကျတော့ ကြိမ်ဖန်များစွာလည်း ပြောခဲ့ပါတယ်။ ခင်ဗျားတို့ စစ်ကို အနိုင်တိုက် စစ်ရေးအသာစီးရှိလာလို့ရှိရင် နိုင်ငံတကာဆိုတာ အနောက်က လိုက်လာတာပဲ”လို့ ဆိုပါတယ်။
CRPH အနေနဲ့ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးအဖြစ် တင်စားထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသားမဟာမိတ်တွေဖြစ်တဲ့ KIA ၊ KNU ၊ CNF ၊ KNPP တို့နဲ့အတူ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ကို ဖွဲ့စည်းထားတာပါ။
ဒါကြောင့် IPU ရဲ့ အထွေထွေညီလာခံအတွင်း NUG ရဲ့ ပြည်သူ့ဝန်ဆောင်မှုအခြေအနေတွေ အပါအဝင် SCEF ရဲ့ နိုင်ငံရေးရပ်တည်ချက်တွေ ရည်မှန်းချက်တွေနဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့ကိုလည်း ရှင်းလင်းတင်ပြခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ SCEF အနေနဲ့ အညာဒေသအခြေစိုက် စစ်ကိုင်းဖက်ဒရယ်ယူနစ် နဲ့ မကွေးဖယ်ဒရယ်ယူနစ် အပါအဝင် မန္တလေးဒေသတို့လည်း အဖွဲ့ဝင်အဖြစ် စုဖွဲ့လာနိုင်ပြီး အခြားတော်လှန်ရေးအဖွဲ့တွေနဲ့လည်း အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးထားကြတာပါ။
ဒါ့အပြင် နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက ၁၉ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတပ်ပေါင်းစု SRA အပါအဝင် အာရက္ခတပ်တော် AA ခေါင်းဆောင်တွေနဲ့လည်း နှစ်ကြိမ်လောက် တွေ့ဆုံခဲ့ကြပါတယ်။
AA နဲ့ အွန်လိုင်းကနေ တွေ့ဆုံခဲ့မှုအတွင်း ရခိုင်ဒေသအတွင်း စစ်တပ်ရဲ့ ထိုးစစ်အခြေအနေတွေ အပါအဝင် SCEF ဘက်က ဖြစ်ပေါ်တိုးတက်မှု လုပ်ငန်းစဉ်တချို့နဲ့ နိုင်ငံရေးမျှော်မှန်းချက်တချို့ကို အသိပေးတာတွေအပြင် လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းတွေအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ SCEF က အသိပေးထားတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က ရခိုင်မှာ စစ်တပ်ရဲ့ ထိုးစစ်တွေ အင်အားအလုံးအရင်းနဲ့ ဖိအားပေးလာနေချိန်မှာ ဒီလိုမျိုး တွေ့ဆုံမှုအပြီး စစ်ရေးဖော်ဆောင်တာ မတွေ့ရတဲ့အတွက် နိုင်ငံရေးဘက်ကို လှမ်းတဲ့ အနေအထားလို့ သုံးသပ်ပါတယ်။
“ဒီတွေ့ဆုံမှုက စစ်ဆင်ရေးအခြေအနေတွေထက် ဖွဲ့စည်းပုံတွေ မူဝါဒတွေ တပ်ဖွဲ့တွင်း စည်းကမ်းတွေနဲ့ ပြစ်ဒဏ်တွေကို ဆွေးနွေးတဲ့အနေအထားမျိုးလို့ ကျွန်တော်တို့က ယူဆတယ်။ တကယ်လို့ စစ်ရေးအရ ဖော်ဆောင်မယ်ဆိုရင် တွေ့ဆုံမှုကို လျှိုဝှက်တွေ့ဆုံမှုပဲ ထားပြီး ကြေညာမှာ မဟုတ်ဘူး။ အခုကတော့ ဒီလိုမျိုး တွေ့ဆုံပွဲတွေ ကြေညာပြီးနောက်ပိုင်းမှာလည်း စစ်ရေးဖော်ဆောင်မှုတွေက ကျွန်တော်တို့ တွေ့ရခြင်း မရှိဘူးပေါ့နော်။ အဲဒီတော့ ဒါက နိုင်ငံရေးဘက်ကို လှမ်းတဲ့ အနေအထားမျိုးပဲ။ စစ်ရေးဘက်ကို သွားတဲ့ အနေအထားမျိုးလို့တော့ ကျွန်တော်တို့ မရှုမြင်ရဘူးဗျ”လို့ ဆိုပါတယ်။
ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF အနေနဲ့ မူဝါဒ တစ်ခု မဟာဗျူဟာ တစ်ခုအဖြစ် ကိုင်ဆွဲထားပြီး ဒါဟာ စစ်တပ်ကို တိုက်တာပဲဖြစ်ဖြစ် ညှိနှိုင်းတာပဲဖြစ်ဖြစ် စုပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ သဘောလို့ ထိပ်ပိုင်းခေါင်းဆောင်တချို့က ဂျပန်သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
မဏ္ဍိုင် သုံးရပ်ကို အခြေခံပြီး မတ် ၃၀ ရက်နေ့မှာ ဖွဲ့စည်းထားတဲ့ SCEF ဟာ စစ်အာဏာရှင်စနစ်အပါအဝင် ဘယ်အာဏာရှင်စနစ်ကိုမဆို မဖြစ်မနေ အမြစ်ပြတ်ဖယ်ရှားပစ်ဖို့ မျှော်မှန်းချက်နဲ့ မဟာဗျူဟာရည်မှန်းချက်ဟာ နိုင်ငံရေးအခင်းအကျင်းသစ်တစ်ခုကို စတင်တာလို့ ကြေညာထားတာ ဖြစ်ပါတယ်။
လောဆယ်မှာတော့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF မှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်းအသီးသီးက လက်နက်ကိုင်တပ်ဖွဲ့တွေကနေ တပ်ပေါင်းစုအသွင် စုဖွဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးကာလတုန်းကလိုမျိုး ဟန်ချက်ညီတဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်တာ မတွေ့ရသေးပါဘူး။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ ISP-Myanmar ရဲ့ အချက်အလက်တွေအရ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါင်း ၁၀၁ မြိုကို စစ်တပ်က လက်လွှတ်ခဲ့ရပေမယ့် ၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ၂၂ မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-IPU

