မော်လမြိုင် ၊ အောက်တိုဘာ ၁၁

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ်က အောက်တိုဘာလအတွင်း ဖွင့်လှစ်မယ့် ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၂၉ အတွက် ဒေသတွင်းက လူငယ် ၂၁၅ ဦး စစ်သားစုဆောင်းခံထားရတယ်လို့ စစ်အစိုးရနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်မှုထမ်းသင်တန်းအတွက် စစ်သားစုဆောင်းခံထားရတဲ့ လူငယ်တွေကိုတော့ အောက်တိုဘာ ၁၀ ရက်နေ့မှာ စစ်အစိုးရခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မော်လမြိုင်မြို့ရှိ မောရဝတီ ရေတပ်စခန်းဌာနချုပ် အမှတ် (၄၆) စစ်‌ရေယာဉ်အုပ် သင်တန်းခန်းမမှာ သွားရောက်တွေ့ဆုံခဲ့တာပါ။

အာဏာသိမ်း စစ်တပ်က ဖွင့်လှစ်မယ့် စစ်မှုထမ်း သင်တန်း အပတ်စဉ် ၂၉ ထဲမှာတော့ ဆိုင်ကယ် တက္ကစီသမား တစ်ဦးက စစ်တပ်ကို ရောင်းချခဲ့တဲ့ စိတ်‌ဝေဒနာရှင် လူငယ် တစ်ဦးလည်း ပါဝင်ပြီး အဲဒီလူငယ်ကိုပါ သင်တန်းပေးဖို့ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရပ်ကွက်နဲ့ ကျေးရွာတွေအတွင်း စစ်မှုထမ်း အသက်နဲ့ အကြုံးဝင်တယ်ဆိုကာ စစ်မှုထမ်းဖို့ ဆင့်ခေါ် ခံရသူတွေ၊ မဲနှိုက် ရွေးချယ် ခံရသူတွေအပြင် နေအိမ်အထိ လာရောက် ခေါ်ဆောင်ကာ စစ်မှုထမ်းသင်တန်း ပို့ဆောင်ခံရသူတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်မှုထမ်း သင်တန်း တက်ရောက်ရမယ့် လူငယ်အများစုဟာ အလုပ်သွား အလုပ်ပြန် ဖမ်းဆီးခံရသူတွေ၊ ညအချိန် အပြင်ထွက် သွားလာသူတွေ၊ ဒေသန္တရ အမိန့် ဖောက်ဖျက်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီး ခံရသူတွေအပြင် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေလည်း ပါဝင်ပါတယ်။

ဒေသတွင်းမှာတော့ စစ်မှုထမ်းသင်တန်းအတွက် စစ်သားသစ် စုဆောင်းတဲ့ နေရာမှာ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း စစ်အစိုးရ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတချို့လည်း ပါဝင်နေပြီး တချို့ ဆိုရင် ဝန်ထမ်း အချင်းချင်း ပြန်လည် ရောင်းချတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ် ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၉ အထိ ဒေသတွင်းက လူငယ် ၆၀၀၀ ထက်မနည်း စစ်သားစုဆောင်း ခံထားရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.