မော်လမြိုင်၊ အောက်တိုဘာ ၁၁

စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ညွှန်ကြားချက်ကြောင့် မွန်ပြည်နယ်က ဌာနဆိုင်ရာတွေကို ကြက်မွေးဖို့ ဥစားကြက်နဲ့အသားတိုးကြက်တို့ကို လိုက်လံဝယ်ယူနေရတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ် အသွင်ပြောင်း အစိုးရဟာ ကြက်ဥဈေးနှုန်းကျဆင်းဖို့၊ ဌာနတွင်း သက်သာချောင်ချိရေးနဲ့အသားစားသုံးမှု ဖူလုံဖို့ ခေါင်းစဉ်နဲ့ ဌာနအလိုက် ကြက်မွေးမြူကြဖို့ ညွှန်ကြားထားပါတယ်။

အဲဒီညွှန်ကြားချက်ကြောင့် ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေး လုပ်ငန်းဖို့ ဥစားကြက်နဲ့ အသားစားကြက်တွေ လိုက်လံဝယ်ယူနေတာပါ။

ဌာနဆိုင်ရာတွေအနေနဲ့ အထက်ညွန်ကြားချက်ကြောင့် ကြက်တွေ ဝယ်ယူနေရပေမယ့် ထိန်းသိမ်းမွေးမြူဖို့ မလုပ်ချင်ကြဘဲ မှတ်တမ်းပို့နိုင်ဖို့အတွက်သာ အားထားနေကြတယ်လို့ ဆိုပါတယ်။

တချို့ဌာနတွေကတော့ ဌာနအလိုက်ဝယ်ယူ မွေးမြူထားတဲ့ ကြက်တွေနဲ့ပတ်သက်ပြီး မှတ်တမ်းပြန်တင်ပြရမှာ ဖြစ်တာကြောင့် ကြက်ခြံတွေကို ဓာတ်ပုံရိုက်ယူတာမျိုးတွေလည်း ရှိနေတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လပိုင်းကစလို့ ကြက်ဥတစ်လုံး ကျပ် ၇၀၀ ထိ ဈေးမြင့်တက်လာပြီးနောက်ပိုင်းမှာ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ဥစားကြက်မွေးမြူရေး ပိုမိုလုပ်ကိုင်ဖို့နဲ့ ဈေးနှုန်းကျဆင်းရေး ဆောင်ရွက်ဖို့ မှာကြားပြီးနောက် ဌာနဆိုင်ရာတွေမှာပါ ကြက်မွေးဖို့ ညွန်ကြားလာတာလို့ သိရပါတယ်။

တဖက်မှာလည်း စစ်တပ် အသွင်ပြောင်း အစိုးရဟာ ဝန်ထမ်းတွေ သက်သာချောင်ချီရေးအတွက် ဌာနအလိုက် ဟင်းသီးဟင်းရွက် စိုက်ပျိုးပြီး Home Garden ပြုလုပ်ကြဖို့ ညွှန်ကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.