မကွေး အောက်တိုဘာ ၁၀

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ချင်းနစ်ကျေးရွာကို အာဏာသိမ်းစစ်တပ်က ပါရာမော်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက် ညနေ ၅ နာရီ ၂၅ မိနစ်ခန့်မှာ သရက်မြို့ရှိ ကပစ ၁၂ ကနေ တက်လာတဲ့ ပါရာမော်တာ ၃ စီးဟာ ချင်းနစ်ကျေးရွာကို ဗုံးသီး ၉ လုံး ကြဲချခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“တိုက်ပွဲ​ဖြစ်ပွားတာ မရှိတဲ့ နေရာတွေပါ။ အရပ်သားတွေကို ဦးတည်ပြီး တိုက်ခိုက်တာ။” လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံကိုမြတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ချင်းနစ်ကျေးရွာက အသက် ၈၃ နှစ်အရွယ် ဦးထွန်းတင်နဲ့ အသက် ၁၂ နှစ်အရွယ် မောင်ဝေယံဦးတို့ သေဆုံးခဲ့ပြီး မှိုက်ကျေးရွာက ကိုဗိုလ်ဗိုလ်ဝင်း၊ လက်ပွကျေးရွာက ကိုအောင်ဖြိုးဝေနဲ့ ချင်းနစ်ကျေးရွာက မပလောင်တို့ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံတွေရဲ့ နွား ၇ ကောင် သေဆုံးခဲ့ပြီး ဆေးခန်းနဲ့ နေအိမ်အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မင်းတုန်းမြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို လေကြောင်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ပြောဆိုထားပြီး ဒေသခံပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့လည်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မင်းတုန်းမြို့နယ် ဇွန်းကျကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် လူ ၆ ဦး သေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.