သထုံ၊ အောက်တိုဘာ ၁၀

မွန်ပြည်နယ် သထုံမြို့ပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဖိုးထူးအဖွဲ့ဟာ လူငယ်တွေကို နေအိမ်တွေထဲထိဝင်ပြီး စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှု လုပ်ဆောင်လာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဖိုးထူးအဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းမယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် သူတို့အဖွဲ့ဟာ သထုံမြို့ပေါ်မှာ ပိုပြီးအတင့်ရဲလာတယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း ပြည်သူ့စစ်ခေါင်းဆောင် ဖိုးထူးအဖွဲ့ဟာ သထုံမြို့ သိမ်ကုန်းနဲ့အောက်ကျင်းရပ်ကွက်က အသက် ၂၀ ကနေ ၃၀ ကြားရှိတဲ့ လူငယ် ငါးဦးကို စစ်မှုထမ်းအတွက် နေအိမ်ပေါ်တက်ပြီး ဝင်ရောက်ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ငါးဦးဟာ သာမာန်လက်လုပ်လက်စား လူငယ်တွေ ဖြစ်ပြီး တစ်ဦးကို ငွေကျပ် သိန်း ၁၀၀ တောင်းခံတာကြောင့် မိသားစုဘက်က ပြန်မရွေးနိုင်လို့ စစ်မှုထမ်း သင်တန်းကျောင်းထံ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

အရင်က ပြည်သူ့စစ်ခေါင်းဆောင် ဖိုးထူးအဖွဲ့ဟာ လမ်းသွားလမ်းလာလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ အဆင့်ကနေ တဆင့်တိုးလာပြီး နေအိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်လာတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အရင်က ဆိုက္ကားသမား၊ ဆယ်အိမ်မှူးဖြစ်တဲ့ ဖိုးထူဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သထုံမြို့ပေါ်မှာ ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်လာခဲ့ပြီး မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် အားကိုးနဲ့ ထင်တိုင်းကြဲနေတာ ဖြစ်ပါတယ်။

စစ်အစိုးရနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ ပြည်သူ့စစ်ခေါင်းဆောင် ဖိုးထူးအဖွဲ့ဟာ လာမယ့် စစ်မှုထမ်း အပတ်စဉ် ၂၉ အတွက် လူငယ် ၄၀ ထက်မနည်းကို ဖမ်းဆီးပြီး စစ်သားစုဆောင်းပေးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.