မော်လမြိုင်၊ အောက်တိုဘာ ၁၀
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် ၁၀ ဦး အလင်းဝင်လာတယ်လို့ ဒီကနေ့ထုတ် စစ်အစိုးရရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
အလင်းဝင်လာတဲ့ PDF ရဲဘော်တွေကို မနေ့ အောက်တိုဘာ ၉ ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ လက်ခံကြိုဆိုခဲ့ပြီးနောက် မိဘအုပ်ထိန်းသူတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
အလင်းဝင်လာသူတွေဟာ AK-47 သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၃ လက်၊ ပစ္စတိုသေနတ် ၁ လက်၊ ခြောက်လုံးပြူး သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၅ လုံး ယူဆောင်လာတဲ့အတွက် ဆုငွေ ကျပ် သိန်း ၂၁၀ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလင်းဝင်လာတဲ့ PDF ရဲဘော်တွေဟာ တော်လှန်ရေးတပ်ဖွဲ့စစ်ကြောင်းတွေဖြစ်တဲ့ ဒေါနစစ်ကြောင်း၊VENOM စစ်ကြောင်းနဲ့ကော်ဘရာစစ်ကြောင်းတို့က ဖြစ်ပြီး အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁ ဦး ပါဝင်တယ်လို့ စစ်အစိုးရ လော်ဘီတွေက ဆိုပါတယ်။
ဒေါနစစ်ကြောင်းမှူး စောဒါးကိုကတော့ ဒီလုပ်ရပ်ဟာ စစ်တပ်ရဲ့ ဝါဒဖြန့် သက်သက်သာ ဖြစ်ပြီး အလင်းဝင်တယ်ဆိုတဲ့ PDF ရဲဘော်တွေရဲ့ အချက်အလက်ကို သတ္တိရှိရှိ ထုတ်ပြန်ဖို့ လိုတယ်လို့ တုံ့ပြန်ပါတယ်။
ဒါ့အပြင် စစ်တပ်ဘက်က အလင်းဝင်တယ်ဆိုပြီး သတင်းထုတ်ပြန်လာတိုင်း အလင်းဝင်သူတွေရဲ့မျက်နှာကို ဖုံးထားတာ၊ တပ်ရင်း၊ ကိုယ်ပိုင်နံပါတ်နဲ့ နာမည်တွေကို ဖော်ပြလေ့မရှိသလို လက်နက်တွေဟာလည်း တော်လှန်ရေးကာလက အသုံးပြုခဲ့တဲ့ လပ်နက်အဟောင်းတွေသာ ဖော်ပြလေ့ရှိတယ်လို့ ဆိုပါတယ်။
စစ်အစိုးရကတော့ အလင်းဝင်လာတဲ့ PDF ရဲဘော်တွေဟာ မွန်ပြည်နယ်က ၄ ဦး၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ၂ ဦးစီ၊ ပဲခူးတိုင်းနဲ့စစ်ကိုင်တိုင်းက ၁ ဦးစီ ပါဝင်တယ်လို့ ဝါဒဖြန့်ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

