နိုဘယ် ငြိမ်းချမ်းရေးဆု မချီးမြှင့်ပေးတဲ့ နော်ဝေမှာ ဖျက်မရတဲ့ အစွန်းအထင်း ရှိသွားပြီလို့ ထရန့် ပြော

နယူးယောက်၊ အောက်တိုဘာ ၁၀

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က နိုဘယ် ငြိမ်းချမ်းရေးဆု မရရှိတဲ့အတွက် အောက်တိုဘာ ၉ ရက်မှာ ထပ်မံ စောဒက တက်လိုက်ပြီး အဲဒါက နော်ဝေနိုင်ငံ အပေါ် အစွန်းအထင်း တစ်ခု ထင်ကျန်ရစ်စေတဲ့ အရှက်ရစရာ၊ စိတ်ကသိကအောက် ဖြစ်စရာ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဂါဇာ ကမ်းမြောင်ဒေသမှာ အစ္စရေး လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်လို့ ဆုံးဖြတ်ခဲ့တဲ့ ကုလသမဂ္ဂ အစီရင်ခံချက် တစ်ခုကို ကြီးကြပ်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC တရားသူကြီးဟောင်း တစ်ဦး ဖြစ်သူ နာဗီ ဖီလေကို အခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့်ဖို့ နော်ဝေနိုင်ငံရှိ နိုဘယ်ဆု ကော်မတီက ရွေးချယ်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ထရန့်က နော်ဝေကို အခုလိုမျိုး ပြစ်တင်ဝေဖန်လိုက်တာပါ။

နယူးယောက်ပြည်နယ် ဆိုင်ရာကူစီမြို့ မဲဆွယ် စုဝေးပွဲအတွင်း ထရန့်က ဖီလေကို ထူးဆန်းတဲ့ လူပုဂ္ဂိုလ်တစ်ဦးလို့ ခေါ်ဆိုခဲ့ပါတယ်။

“အဲဒီလူ အကြောင်းကို ကျွန်တော် တစ်ခါမှမကြားဖူးပါဘူး။ ဘယ်သူမှ မကြားဖူးခဲ့ဘူး” လို့ ထရန့်က ပြောပါတယ်။

ထရန့်က သူ့ရဲ့ သမ္မတ သက်တမ်း တစ်နှစ်စီတိုင်းမှာ နိုဘယ် ငြိမ်းချမ်းရေး ဆုမရရှိတဲ့အတွက် စိတ်ပျက်ကြောင်း ဖော်ပြထားပါတယ်။

ဒါက နော်ဝေနိုင်ငံနဲ့ အဲဒီလို ရှက်စရာ စိတ်ကသိကအောက် ဖြစ်စရာ ဆုံးဖြတ်ချက်မျိုးချတဲ့ လူတွေအပေါ် ဖျက်မရတဲ့ အစွန်းအထင်း တစ်ခု ဖြစ်တယ်လို့ ထရန့်က တုံ့ပြန်လာတာပါ။

ဖြေရှင်းရာမှာ သူ့အနေနဲ့ အခန်းကဏ္ဍတစ်ခုက ပါဝင်ခဲ့တယ်လို့ ပြောတဲ့ ပဋိပက္ခ တော်တော်များများကို ထရန့်က စာရင်းနဲ့ ဖော်ပြထားပါတယ်။

ထရန့်က သူ့အနေနဲ့ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြား၊ ဂျပန်နဲ့ မြောက်ကိုရီးယားကြား ပြီးတော့ တရုတ်နဲ့ ထိုင်ဝမ်ကြား စစ်ပွဲတွေ မဖြစ်အောင် သူက ကြိုတင်ကာကွယ်ရေး ကူညီပေးခဲ့တယ်လို့ ပြောကြားပေမယ့် အထောက်အထား တစ်ခုမှ ဖော်ပြထားတာ မရှိပါဘူး။

နိုဘယ် ငြိမ်းချမ်းရေးဆုဟာ ဒီမိုကရေစီ ဆန့်ကျင်ပြီး မြို့ပြ ထွန်းကားမှု စနစ်ရဲ့ ရန်သူ အစစ်တွေ ဖြစ်တဲ့ အစွန်းရောက် တယူသန်သူ လက်တစ်ဆုပ်စာကြောင့် ထာဝရ ဂုဏ်သက္ခာ ထိခိုက်သွားရပြီ ဖြစ်ကြောင်းနဲ့ မိမိတို့ နော်ဝေကို မေ့မှာ မဟုတ်ကြောင်း ထရန့်က ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.