တရားသူကြီးဟောင်း နိုဘယ်ဆု ချီးမြှင့်ခံရပြီးနောက် ICC ကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့

ဝါရှင်တန်၊ အောက်တိုဘာ ၁၀

နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC အပေါ် နိုင်ငံရေးအရ တိုက်ခိုက်မှု ပိုများလာတာနဲ့ ပတ်သက်လို့ သတိပေးခဲ့တဲ့ တရားသူကြီးဟောင်းတစ်ဦးကို နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်ပြီးနောက် နာရီပိုင်းအကြာမှာ အမေရိကန်က တရားရုံးရဲ့ လုပ်ငန်းစဉ်တွေ အကြီးအကျယ် ထိခိုက် ပျက်စီးအောင် လုပ်ဆောင်မယ်လို့ ကြွေးကြော်ပြီး ICC အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ကြောင်း အောက်တိုဘာ ၉ ရက်မှာ ကြေညာလိုက်ပါတယ်။

ဗွေဖောက်တဲ့ တရားရုံးလို့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ICC ကို ခေါ်ဆိုပြီး ICC နဲ့ လုပ်ငန်းကိစ္စတွေကို ဝါရှင်တန်က တားမြစ်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

အခုလို တားမြစ်မှုက သည်ဟေ့ဂ်မြို့အခြေစိုက် တရားရုံးကို ဆန့်ကျင်နေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ကာလရှည် အစီအစဉ် အရှိန်မြင့်တက်လာတာဖြစ်ပါတယ်။

ICC က သူတို့ရဲ့ ခြိမ်းခြောက်မှုတွေကို အဆုံးသတ်ရင်သတ် မဟုတ်ရင် ICC ကို မိမိတို့ အဆုံးသတ်ပစ်မယ်လို့ ရူဘီယိုက ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ လက်ငင်း သက်ရောက်မှုက ခြောက်လကြာ စဉ်းစားချင့်ချိန်ရေး ကာလ သတ်မှတ်တာ အပါအဝင် ချွင်းချက်တွေ အများကြီးကြောင့် အားပျော့သွားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တရားရုံး အဖွဲ့ဝင်တွေအနေနဲ့ အမေရိကန်ရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းရေး အဓိပ္ပါယ်ပြည့်ဝတဲ့ တိုးတက်မှုရှိအောင် ဆောင်ရွက်ဖို့ အချိန် ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ နိုင်ငံတကာ ဥပဒေကို တိုက်ခိုက်မှု ဖြစ်တယ်ဆိုပြီး တရားရုံးက ပယ်ချထားပါတယ်။

ဒီအခိုက်အတန့်ကို ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်လို့ တရားရုံးက ကြေညာချက်တစ်ရပ်မှာ သတိပေးထားပါတယ်။

အမေရိကန်နဲ့ ကြေညာချက်ကို ပြင်းပြင်းထန်ထန် သဘောမတူဘူးလို့ ကနေဒါ၊ ဂျာမနီ၊ ဂျပန်နဲ့ ဗြိတိန်နိုင်ငံတို့ ပါဝင်တဲ့ နိုင်ငံတွေရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ ICC ရဲ့ အဓိက ဒေါက်တိုင် တစ်ခု ဖြစ်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားမျှတရေး စုပေါင်းဆောင်ရွက်မှုအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်တယ်လို့ ပြောပါတယ်။

ဥရောပသမဂ္ဂက များစွာ စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောကြားပြီး တရားရုံး အနေနဲ့ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်စေရေး လိုအပ်တဲ့ အစီအစဉ်တွေ ချမှတ်ဆောင်ရွက်သွားဖို့ အသင့် ရှိတယ်လို့ ပြောပါတယ်။

လူ့အခွင့်အရေး အဖွဲ့ ဖြစ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က အဲဒီ လုပ်ရပ်ကို နိုင်ငံအများက ခုခံကြဖို့ တိုက်တွန်းထားပြီး ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ တရားရုံးကို အထီးကျန် ဖြစ်စေဖို့နဲ့ အဆုံးစွန်အနေနဲ့ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ဂါဇာမှာ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ICC ဖမ်းဝရမ်းနဲ့ ရင်ဆိုင်နေရတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက အမေရိကန်ရဲ့ လုပ်ရပ်ကို ချီးကျူးကြိုဆိုခဲ့ပါတယ်။

ICC မှာ တရားသူကြီးအဖြစ် တာဝန် ထမ်းဆောင်ချိန် ရဝမ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှုကို ဦးဆောင် ကိုင်တွယ်ခဲ့တဲ့ အသက် ၈၅ နှစ်အရွယ် တောင်အာဖရိက တရားသူကြီးဟောင်း နာဗီ ဖီလေကို နော်ဝေ နိုဘယ်ဆု ကော်မတီက ငြိမ်းချမ်းရေး ဆုချီးမြှင့်ခဲ့တဲ့ ရက်မှာပဲ အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နာဗီ ဖီလေဟာ ဂါဇာမှာ အစ္စရေး လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခဲ့တဲ့ ကုလသမဂ္ဂ ကော်မရှင် တစ်ရပ်ကိုလည်း ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဝန်ကြီး ရူဘီယိုရဲ့ ကြေညာချက်မှာ ဖီလေ၊ နိုဘယ်ဆုနဲ့ ပတ်သတ်လို့ ဖော်ပြထားတာ မရှိပါဘူး။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.