နေပြည်တော် အောက်တိုဘာ ၁၀
မြန်မာ စစ်အစိုးရနဲ့ ဆက်နွှယ်မှုရှိတယ်လို့ စွပ်စွဲခံထားရတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု ပိုင်ရှင် ဦးသိန်းဝင်းဇော်ရဲ့ သမီးဖြစ်သူ မသိမ့်ဝင်းထက်ကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုစာရင်းကနေ ဖယ်ရှားပေးလိုက်ပါတယ်။
မသိမ့်ဝင်းထက်ကက အမေရိကန်အစိုးရကို တရားစွဲဆိုထားပြီးနောက် အောက်တိုဘာ ၉ ရက်မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မသိမ့်ဝင်းထက်ကို အရေးယူပိတ်ဆို့ခံထားရသူများစာရင်း (SDN List) ကနေ ပယ်ဖျက်ပေးခဲ့တာဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ မြန်မာစစ်တပ်အတွက် လောင်စာဆီတင်သွင်းဖြန့်ဖြူးပေးမှုတွေနဲ့ အဲဒီအချိန်တုန်းက စစ်ကောင်စီနဲ့ နီးကပ်တဲ့ ကုမ္ပဏီအနည်းဆုံး ၂၀ ကို ပိုင်ဆိုင်ထားမှုကြောင့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၊ ဦးသိန်းဝင်းဇော်နဲ့ သူ့ရဲ့မိသားစုဝင်တွေဟာ အရေးယူပိတ်ဆို့ခံခဲ့ရတာပါ။
မသိမ့်ဝင်းထက်ကတော့ သူ့ ဖခင်ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိဘဲ အရေးယူပိတ်ဆို့ခံရတာကြောင့် ပညာရေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
သူဟာ အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ်ကနေ ဘွဲ့ရထားသူဖြစ်ပြီး ကိုလံဘီယာတက္ကသိုလ်မှာလည်း မဟာဘွဲ့ ဆက်လက်တက်ရောက်နေခဲ့တာပါ။ ဒါပေမဲ့ အရေးယူပိတ်ဆို့မှုကြောင့် အကြွေးဝယ်ကတ်တွေ ပိတ်ပင်ခံရတာ၊ ပြည်ပဘဏ်စာရင်းတွေ ကန့်သတ်ခံရတာတွေအပြင် ပညာသင်ကြားမှုကိုပါ ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဘူးလို့ တရားရုံးကို တင်ပြထားပါတယ်။
လက်ရှိမှာတော့ မသိမ့်ဝင်းထက်ဟာ မိခင်နဲ့အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နေထိုင်နေပြီး သူ့ရဲ့ မိခင်ကိုလည်း အမေရိကန်အစိုးရက ၂၀၂၅ ခုနှစ်အတွင်း အရေးယူပိတ်ဆို့မှုစာရင်းကနေ ဖယ်ရှားပေးခဲ့ပြီး ဖြစ်ပါတယ်။
အခုလို အရေးယူပိတ်ဆို့မှု ရုပ်သိမ်းပေးလိုက်တာဟာ ထရမ့်အစိုးရက မြန်မာစစ်တပ်ဦးဆောင်တဲ့ အစိုးရနဲ့ ဆွေးနွေးမှုတွေ စတင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဖြစ်ပေါ်လာတာပါ။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ အဲဒီဆွေးနွေးမှုတွေနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိ၊ မရှိဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
တဖက်မှာလည်း Justice For Myanmar အဖွဲ့က မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေချိန်မှာ စစ်အစိုးရကို ငွေကြေးပံ့ပိုးနေသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အရေးယူပိတ်ဆို့မှုစာရင်းကနေ ဆက်တိုက်ဖယ်ရှားပေးနေတာဟာ ရှုတ်ချစရာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
မသိမ့်ဝင်းထက်ရဲ့ ရှေ့နေကတော့ အရေးယူပိတ်ဆို့မှု ရုပ်သိမ်းခံရပြီးနောက် အောက်တိုဘာ ၉ ရက်မှာပဲ အမေရိကန်အစိုးရအပေါ် တရားစွဲဆိုထားတဲ့ အမှုကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
Ref:Reuters

