ကွာလာလမ်ပူ၊ အောက်တိုဘာ ၉
အင်ဒိုနီးရှား တောမီးလောင်ကျွမ်းမှုတွေကနေ ထွက်ပေါ်လာတဲ့ မီးခိုးမြူတွေကြောင့် လေထု အရည်အသွေး ကျန်းမာရေးနဲ့ မညီ ဖြစ်လာခဲ့ပြီးနောက် ကွာလာလမ်ပူနဲ့ ပူထရာဂျာယာရဲ့ ဖက်ဒရယ် နယ်နိမိတ်တွေ၊ ပြည်နယ် တချို့ရှိ စာသင်ကျောင်းတွေကို အောက်တိုဘာ ၉ ရက်မှာ ပိတ်ထားဖို့ မလေးရှား ပညာရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။
ပညာရေးဝန်ကြီး ဖာဒလီနာ ဆီဒက်က ကျောင်းတွေ ပိတ်ထားမယ့် အကြောင်းကို အောက်တိုဘာ ၈ ရက် ညက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
သက်ရောက်ရာ ဒေသတွေမှာ ဂျိုဟိုး၊ မီလက်ကာ၊ နီဂီရီ ဆမ်လီးလမ်းနဲ့ ဆီလန်းဂေါတို့ အပါအဝင် ကွာလမ်လမ်ပူနဲ့ ပူထရာဂျာယာတို့ ပါဝင်နေပါတယ်။
မလေးရှား ကျွန်းဆွယ်ရဲ့ ဒေသတွေမှာ မီးခိုးမြူတွေ လွှမ်းမိုးနေတာကြောင့် ပါဟမ်းပြည်နယ် ရွမ်ပင် ဒေသရှိ စာသင်ကျောင်းတွေကို ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။
အင်ဒိုနီးရှားမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကနေ နယ်စပ်ဖြတ်ကျော် ရောက်ရှိလာတဲ့ မီးခိုးမြူတွေကြောင့် မလေးရှားအပြင် စင်ကာပူမှာလည်း လေထုအခြေအနေ ကျန်းမာရေးနဲ့ မညီ ဖြစ်နေပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ဒေသများစွာမှာလည်း လေထု ညစ်ညမ်းမှု ဖြစ်ပေါ်နေပါတယ်။
အင်ဒိုနီးရှားက လောင်ကျွမ်းနေတဲ့ တောမီးတွေကို ငြှိမ်းသတ်ရေး ခက်ခက်ခဲခဲ ကြိုးပမ်းနေရတာကြောင့် မီးခိုးမြူတွေ အိမ်နီးချင်းနိုင်ငံတွေဆီ ပျံ့နှံ့ရောက်ရှိလာနေပါတယ်။
မီးခိုးမြူတွေကို ထိန်းချုပ်ရေး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အင်ဒိုနီးရှား သမ္မတ ပရာဘို ဆူဘီယန်တိုက သဘောတူထားကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်က ပြောပါတယ်။
အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမှုတွေကို ကူညီပြီး ဒေသဆိုင်ရာ ပူးပေါင်း တုံ့ပြန်မှု ပြုလုပ်သွားမယ့်အကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက အာဆီယံ ဝန်ကြီးများ အစည်းအဝေးမှာ တွန်းအားပေးသွားမှာ ဖြစ်ကြောင်းလည်း အန်ဝါက ပြောပါတယ်။
မလေးရှား လူငယ်နဲ့ အားကစားဝန်ကြီးဌာနက ပြည်နယ် ၇ ခုနဲ့ ဖက်ဒရယ် နယ်နိမိတ်တွေမှာ အောက်တိုဘာ ၁၀ ရက် ကျင်းပဖို့ စီစဉ်ထားတဲ့ အားကစားပွဲတွေကို ရွှေ့ဆိုင်းထားလိုက်ကြောင်း ကြေညာပါတယ်။
ပြင်ပမှာ ကျင်းပမယ့် ပွဲတော်တွေအတွက် ဘေးကင်းတဲ့ အခြေအနေရောက်ရင် အဲဒီ ပွဲတွေ ကျင်းပရေး နောက်ပိုင်းမှာ ကျင်းပမယ့် ရက်စွဲကို ကြေညာပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အဆင်မပြေ ဖြစ်ရမှုအတွက် ဝန်ကြီးဌာနက တောင်းပန်ထားပြီး ပူးပေါင်းဆောင်ရွက်ပေးသူတွေ ကူညီပေးသူတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။
Ref:Agencies

