ပနားမားစီးတီး အောက်တိုဘာ ၁၀
အမေရိကအလယ်ပိုင်းဒေသက ပနားမားနိုင်ငံမှာ အောက်တိုဘာ ၉ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပြီး ပနားမားအပါအဝင် အနီးဝန်းကျင်နိုင်ငံတွေမှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။
အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ရဲ့ ထုတ်ပြန်ချက်အရ ငလျင်ဟာ အောက်တိုဘာ ၉ ရက် ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၆ မိနစ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပနားမားနိုင်ငံအလယ်ပိုင်း ပီတာလိုဇာ အရီဘာမြို့ငယ်ရဲ့ အနောက်တောင်ဘက် ၁၂ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၂ ဒသမ ၆ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့တာပါ။
ငလျင်လှုပ်ခတ်မှုဟာ တစ်မိနစ်လောက်ကြာမြင့်ခဲ့ပြီး ငလျင်ဗဟိုချက်ကနေ ကီလိုမီတာ ၂၀၀ လောက်ကွာဝေးတဲ့ မြို့တော် ပနားမားစီးတီးအထိ ပြင်းပြင်းထန်ထန် တုန်ခါမှုတွေ ခံစားခဲ့ရပါတယ်။ အထူးသဖြင့် အထပ်မြင့်အဆောက်အအုံတွေထဲမှာ ရှိနေသူတွေဟာ ကြောက်လန့်တကြားနဲ့ အပြင်ဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။
ငလျင်ဒဏ်ကြောင့် ပန်နိုနိုမဲမြို့မှာ ဟိုတယ်အဆောက်အအုံတစ်ခုရဲ့ အစိတ်အပိုင်းတွေ ပြိုကျခဲ့သလို ဘုရားကျောင်းတစ်ကျောင်းလည်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။ တခြားအဆောက်အအုံတွေမှာလည်း အက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဗီရာဂူရက်စ်ပြည်နယ်မှာတော့ လမ်းမတွေ အက်ကွဲပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် အမေရိကန်ဆူနာမီသတိပေးရေးစနစ်က ပနားမားကမ်းရိုးတန်းမှာ အမြင့် ၃ မီတာအထိရှိနိုင်တဲ့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ ဒါ့အပြင် ကိုလံဘီယာ၊ အီကွေဒေါ၊ ကော်စတာရီကာနဲ့ တခြားအမေရိကအလယ်ပိုင်း၊ တောင်အမေရိကနိုင်ငံတွေရဲ့ ကမ်းရိုးတန်းဒေသတွေအတွက်လည်း သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဆူနာမီအန္တရာယ် လျော့ကျသွားတာကြောင့် အဲဒီသတိပေးချက်တွေကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
ပထမငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ နောက်ထပ် အင်အားပြင်းငလျင်တစ်ခုလည်း ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။ နောက်ဆက်တွဲငလျင် အကြိမ် ၄၀ ကျော် ရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ပနားမားသမ္မတ ဂျိုဆေးရာအူးလ် မူလီနိုကတော့ ပြည်သူတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်နေကြဖို့ တိုက်တွန်းခဲ့ပြီး ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကို စစ်ဆေးတင်ပြဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ညွှန်ကြားထားပါတယ်။
အောက်တိုဘာ ၉ ရက် ညပိုင်းအထိ သေဆုံးသူရှိတယ်ဆိုတဲ့ တရားဝင်အတည်ပြုချက် မထွက်ပေါ်သေးပေမဲ့ အဆောက်အအုံပျက်စီးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရမှုအခြေအနေတွေကို ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ပနားမားတူးမြောင်းရဲ့ လုပ်ငန်းလည်ပတ်မှုကတော့ ငလျင်ဒဏ်ကြောင့် ရပ်တန့်သွားခြင်းမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေတယ်လို့ သိရပါတယ်။
Ref:BangkokPost

