ကျိုက်ထို၊ စက်တင်ဘာ ၂၈

အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့ တောင်ဘက်မှ စတင်ဖြတ်ကျော်နေပြီး အညိုရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ စက်တင်ဘာ ၂၈ ရက်နေ့ ည ၇ နာရီအချိန်မှာ သတင်းထုတ်ပြန်ပါတယ်။

မိုးဇလရဲ့ ည ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ မွန်-တနင်္သာရီကမ်းရိုးတန်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မွန်ပြည်နယ် ကျိုက်ထိုမြို့ရဲ့ တောင်ဘက်မှ စတင် ဖြတ်ကျော်လျက်ရှိပါတယ်။

အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ သုံးခွမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၃၅ မိုင်၊ ပဲခူးမြို့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၅ မိုင်၊ ဖြူးမြို့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတာပါ။

မိုးဇလရဲ့ အညိုရောင်အဆင့် သတ်မှတ်ချက်ဟာ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံကမ်းခြေသို့ စတင်ဖြတ်ကျော် ဝင်ရောက်နေတယ်ဆိုတဲ့ နောက်ဆုံးသတိပေးချက်လည်း ဖြစ်ပါတယ်။

အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ လာမယ့် ၄၈ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ရန်ကုန်၊ မန္တလေး၊ပဲခူး၊မကွေး၊ ဧရာဝတီ၊တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မုန်တိုင်းငယ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းတာ၊ မိုးသက်လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက် ရေကြီးရေလျှံမှုတွေကို ကြိုတင်သတိပြုကြဖို့ မိုးဇလက သတိပေးတိုက်တွန်းထားပါတယ်။

အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မွန်ပြည်နယ်တဝှမ်းမှာ လေပြင်းတိုက်ခတ်မှုနဲ့အတူ သစ်ပင်တွေနဲ့ ဓာတ်မီးတိုင်တွေ ပြိုလဲတာ၊ နေအိမ် ပိမိတာအပြင် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.