ကျိူက်ထို၊ စက်တင်ဘာ ၂၉
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲမရှိဘဲ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က အာဏာသိမ်း စစ်တပ်ဟာ ကျိုက်ထိုမြို့နယ် နတ်စင်၊ ကျောက်ဖျာ၊ ခမောက်ခွေနဲ့ ဌက်ပျောတောကျေးရွာတို့ကို လေကြောင်းကနေ ဗုံးကြဲပြီးနောက် မြေပြင်ကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲမှုကြောင့် ငှက်ပျောတောကျေးရွာက အသက် ၅၈ နှစ်အရွယ် ဒေါ်ပယ်သီခိုင် သေဆုံးပြီး အသက် ၄၀ အရွယ် ဦးဝေယံ၊ အသက် ၂၅ နှစ်အရွယ် မစန္ဒာမြင့်မွန်တို့ ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
ဒါ့အပြင် ကျောက်ဖျာနဲ့ခမောက်ခွေရွာကြားမှာ ဆိုင်ကယ်နဲ့ခရီးသွားတဲ့ ဝင်းကံရွာသား အသက် ၃၀ ကျော်အရွယ် အမျိုးသား နှစ်ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ နေအိမ်တချို့ ထိမှန်ပျက်စီးထားပါတယ်။
ဒီဗုံးကြဲမှုဟာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်မှု ဖြစ်တယ်လို့ ကရင်အမျိူးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
တော်လှန်ရေးသတင်းရင်းမြစ်တွေကတော့ ဒီဗုံးကြဲမှုဟာ စက်တင်ဘာ ၂၄ ရက်နေ့က မွန်ပြည်နယ်နဲ့ပဲခူးတိုင်အစပ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG အထူးတိုင်းစစ်ဌာနချုပ် ဗုံးကြဲခံရပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်နိုင်တဲ့ လမ်းကြောင်းတွေကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲမှုကြောင့် ကျောက်ဖျာ၊ ခမောက်ခွေ၊ နတ်စင်၊ ဌက်ပျောတောအပါအဝင်ကျေးရွာ ၆ ရွာထက်မနည်းက ဒေသခံပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ကော်ကပ်ကျေးရွာမှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသား နှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နဲ့ ကားတစ်စီး ပျက်စီးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

