ပဲခူး ၊ စက်တင်ဘာ ၂၉

ပဲခူးတိုင်း ဝေါမြို့နယ်ရှိ ညောင်ခါးရှည် X-Ray အမြဲတမ်းစစ်ဆေးရေးဂိတ်မှာ ကုန်တင်ကားတွေအပါအဝင် ခရီးသွားပြည်သူဆီက ပိုက်ဆံမတောင်းဖို့ အာဏာသိမ်း စစ်တပ် အသွင်းပြောင်း အစိုးရခန့် ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ညွှန်ကြားလာပါတယ်။

ပြီးခဲ့တဲ့ စက်တက်ဘာ ၂၇ ရက်နေ့က ကုန်စည် စီးဆင်းမှု လွယ်ကူ လုံခြုံ မြန်ဆန်စေရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ညောင်ခါးရှည်ဂိတ်ကို ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သွားရောက်စစ်ဆေးစဉ် အခုလို ညွှန်ကြားခဲ့တာပါ။

ပဲခူးတိုင်း ဝန်ကြီးချုပ်က စစ်ဆေးရေးဂိတ်တွေဟာ လုံခြုံရေးနဲ့ တရားမဝင် ကုန်သွယ်မှု ပပျောက်ရေး၊ မူးယစ်ဆေးဝါးနဲ့ တခြား ကန့်သတ်မှု မရှိစေရေး အတွက် ဖွင့်လှစ်ထားတာ ဖြစ်တာကြောင့် တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် ခရီးသွားပြည်သူတွေနဲ့ တရားဝင် ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းတွေကို ငွေကြေး ကောက်ခံမှု မရှိစေဘဲ လွယ်ကူ လုံခြုံ လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေး ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

စစ်အစိုးရခန့် ပဲခူးတိုင်းဝန်ကြီးချုပ်က ခရီးသွားတွေအပြင် ခွင့်ပြု ကုန်ပစ္စည်းတွေကို ငွေကြေး မတောင်းခံဖို့ ညွှန်ကြား ထားပေမယ့် မြေပြင်လက်တွေ့ အခြေအနေမှာတော့ ငွေကြေးတောင်းခံမှုတွေ ဆက်ရှိနေဆဲ ဖြစ်တယ်လို့ ယာဉ်မောင်းတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေး မတောင်းခံဖို့ လိုက်ညွှန်ကြားတာဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က အာဏာသိမ်း စစ်တပ် အသွင်းပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က နေပြည်တော် ကောင်စီ ဥက္ကဋ္ဌအပြင် တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် တွေနဲ့ တွေ့ဆုံစဉ် ညွှန်ကြားခဲ့တာပါ။

ဦးမင်းအောင်လှိုင်ကတော့ ဒေသအလိုက် လုံခြုံရေးပိုင်း ဆိုင်ရာအရအပြင် တရားမဝင် ကုန်စည် စီးဆင်းမှု တိုက်ဖျက်ရေး အရ ဖွင့်လှစ်ထားတဲ့ စစ်ဆေး‌ရေးဂိတ်တွေမှာ လုံခြုံရေးကို အကြောင်းပြပြီး ပေးအပ်ထားတဲ့ အခွင့်အာဏာကို မလျော်ကန်စွာ အသုံးချနေတယ်လို့ ဝန်ခံ ထားပါတယ်။

အခုလို အခွင့်အာဏာကို မလျော်ကန်စွာ အသုံးချနေတာကြောင့် တရားမဝင် ကုန်စည် စီးဆင်မှုတွေ ဖြစ်ပေါ် နေကာ အကျိုးဆက်အနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပြည်သူလူထုတွေ ခံစားနေရတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အခွင့်အာဏာကို မလျော်ကန်စွာ အသုံးပြု နေတာနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းသွားဖို့ ညွှန်ကြားခဲ့သလို တရား ဥပဒေ ချိုးဖောက်မှုတွေကိုလည်း ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူသွားဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ညောင်ခါးရှည် X-Ray အမြဲတမ်း စစ်ဆေးရေးဂိတ်ဟာ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးရဲ့ အစပ်မှာ တည်ရှိပြီး မွန်၊ ကရင်နဲ့ တနင်္သာရီတိုင်းဒေသကြီးရဲ့ ထွက်ကုန်တွေအပြင် ထိုင်းနိုင်ငံက ကုန်ပစ္စည်းတွေ ဝင်ရောက်ရာ စစ်ဆေးရေးဂိတ်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-HOS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.