ထားဝယ်၊ စက်တင်ဘာ ၂၉

တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း ဖြစ်ပွားနေတဲ့ ရေကြီးမြေပြိုမှုမှာ သေဆုံး ၁၃ ဦးအထိ ရှိလာပြီး ၄၀ ထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေအပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းအထိ စာရင်းတွေအရ ရေကြီးမြေပြိုမှုကြောင့် လောင်းလုံးမြို့နယ်မှာ ၁၀ ဦး၊ ထားဝယ်မြို့နယ်မှာ နှစ်ဦး၊ သရက်ချောင်းမြို့နယ်မှာ တစ်ဦး သေဆုံးထားပါတယ်။

သေဆုံးသူတွေဟာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မြေပြိုမှုကြောင့် နေအိမ်တွေနဲ့အတူ မြေစာတွေ ပိပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း မြေစာပုံတွေအောက်မှာ နေအိမ်တွေနဲ့အတူ လူဦးရေ ၄၀ ထက်မနည်း ပျောက်ဆုံးနေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ စက်ယန္တရားကြီးတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ကစလို့ ထားဝယ်ခရိုင်ရဲ့ လောင်းလုံး၊ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားနေပါတယ်။

ရေကြီးမြေပြိုမှုကြောင့် ထားဝယ်ခရိုင်အတွင်း ပြည်ထောင်စုလမ်းပိုင်းတချို့ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားနေပြီး အရေးပေါ် အကူအညီတွေ လိုအပ်မှု မြင့်တက်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.