တနင်္သာရီ၊ စက်တင်ဘာ ၁၂

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ တိုင်းအစိုးရ ဝန်ကြီးအဖွဲ့ လိုက်ပါတဲ့ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံ ရပြီးနောက် အာဏာသိမ်း စစ်တပ်က အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေကြီး‌ရေလျှံမှုကြောင့် တနင်္သာရီမြို့က ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ပစ္စည်းပေးပြီး မြိတ်မြို့ကို ပြန်လာတဲ့ ဝန်ကြီးအဖွဲ့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် ညနေပိုင်းမှာ တော်လှန်‌ရေးအင်အားစု‌တွေက လမ်းပိုင်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီနောက် စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ကြားဖြတ်တိုက်ခိုက်ခံရတဲ့ နေရာအနီးက ရမ်းဖို ကျေးရွာနဲ့ ကမ်းတိုကျေးရွာကို စစ်ကြောင်းထိုးလာပြီး နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေပါတယ်။

တိုင်းအစိုးရအဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း ယဉ်တန်းမှာ လိုက်ပါလာတဲ့ တိုင်းအစိုးရအဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားမှန်ပျက်စီးခဲ့တယ်လို့ မြတ်မြို့နယ် ပကဖ အဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီယာဉ်တန်းမှာ စစ်အစိုးရဝန်ကြီး ဦးသိန်းလွင်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြိတ်ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီက ဝန်ထမ်းတွေနဲ့ စစ်သား‌တွေ လိုက်ပါလာတယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့စစ်ကြောင်းထိုးမှု ကြောင့် ရမ်းဖိုကျေးရွာနဲ့ ကမ်းတိုး‌ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် အမှတ် ၃၀၆ အမြောက်တပ်ရင်းကလည်း လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.