မကွေး စက်တင်ဘာ ၁၀

မကွေးတိုင်း ပွင့်ဖြူမြို့နယ်က စစ်တပ်ထောက်ခံသူလို့ ယူဆရသူ အသတ်ခံရပြီးနောက် အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်လာလို့ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက် မနက် ၂ နာရီဝန်းက ပွင့်ဖြူမြို့နယ် သမုန်းကုန်းကျေးရွာသား ၁ ဦး သတ်ဖြတ်ခံရပြီး ၂ ဦးကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးသွားတာလို့ သိရပါတယ်။

“အသတ်ခံရသူကတော့ စစ်တပ်ထောက်ခံတဲ့သူဆိုပြီးတော့ အကုန်လုံးက သိကြတာပါပဲ။ ဘာကြောင့်ဘယ်လိုဆိုတာရယ် ဘယ်တပ်ရင်းတပ်ဖွဲ့က လုပ်တယ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

တော်လှန်ရေးတပ်တွေက သတ်ဖြတ်သွားသူဟာ သမုန်းကုန်းကျေးရွာနေ ကိုထွန်းထွန်းဆိုသူဖြစ်ပြီး သူ့ရဲ့ဖခင် ဦးညွန့်တင်က စစ်တပ်ထောက်ခံသူဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်လော်ဘီတွေက ရေးသားနေကြပါတယ်။

တော်လှန်ရေးတပ်တွေက ဖမ်းဆီးသွားသူ ၂ ဦးဟာ သမန်းရင်းကျေးရွာသား ကိုဘိုခိုင်နဲ့ သမုန်းကုန်းကျေးရွာသား ကိုစိုးမင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦး ဖမ်းဆီးခံရပြီး မနက် ၁၀ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၇၀ ဝန်းကျင်ဟာ ကျောင်းကုန်းကြီးကျေးရွာကို ရောက်ရှိလာကာ ကျောင်းကုန်းကြီးကျေးရွာက ပျူစောထီးတွေနဲ့ပူးပေါင်းကာ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်ကလည်း တော်လှန်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ရေပုတ်ကြီးကျေးရွာက အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.