မော်လမြိုင်၊ စက်တင်ဘာ ၁၁

နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့တစ်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၅၅ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်လအတွင်း ရခိုင်၊ စစ်ကိုင်း၊ ချင်း၊ မကွေး၊ ပဲခူး၊ ကရင်၊ မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးခဲ့တာပါ။

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမျိုးသမီး ၅၅ ဦးသေဆုံးခဲ့ရပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၆ ဦး ပါဝင်တယ်လို့ BWU က ဆိုပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၃ ဦး၊ သေနတ်ကျည်ထိမှန်မှုကြောင့် ၃ ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် ၃ ဦး စုစုပေါင်း ၅၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ အစိုးရတစ်ရပ် ပုံစံ ပုံဖော်နေပေမယ့် လက်တွေ့မှာ နိုင်ငံတဝန်းရှိ မြို့ရွာတွေကို လေကြောင်းကနေ တိုက်ခိုက်တာ၊ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ညှင်းပန်းနှိပ်စက်တာစတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ BWU က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း နိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ မြေပြင်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၂၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – HKL

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.