သထုံ၊ စက်တင်ဘာ ၁၁
မွန်ပြည်နယ် သထုံမြို့ပေါ်မှာ ပျူစောထီးခေါင်းဆောင် ဖိုးထူးအဖွဲ့ဟာ စစ်မှုထမ်း အကြောင်းပြပြီး ဒေသခံပြည်သူတွေအပေါ် ဖမ်းဆီးငွေညှစ်မှုတွေကို ဆိုးဆိုးဝါးဝါး လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပျူစောထီးခေါင်းဆောင် ဖိုးထူးအဖွဲ့ဟာ စက်တင်ဘာလဆန်းပိုင်းကစလို့ သထုံမြို့ပေါ် ရပ်ကွက်တွေက အရက်ဘီယာဆိုင်နဲ့ လမ်းကြိုးလမ်းကြားမကျန် သေနတ်တကာကားနဲ့ ခြိမ်းခြောက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။
ပျူစောထီးခေါင်းဆောင် ဖိုးထူးအဖွဲ့ဟာ အခုရက်ပိုင်းအတွင်း သထုံမြို့ပေါ်က ဒေသခံ ၅၀ ထက်မနည်း ဖမ်းဆီးထားပြီး ခြိမ်းခြောက်ငွေကြေး တောင်းခံမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဖမ်းဆီးထားတဲ့ ဒေသခံတွေကိုတော့ သထုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးအနီးက မိုးလေဝသရုံးဟောင်း နေရာမှာ ထိပ်တုံးခတ် ချုပ်နှောင်ထားပြီး လူမဆန်စွာ ရိုက်နှက်တာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေက ပြောပါတယ်။
ဖမ်းဆီးထားတဲ့ ဒေသခံတွေထဲမှာ စစ်မှုထမ်း အသက်မပြည့်သေးသူတွေကို တစ်ဦး ကျပ် ၆၅ သိန်း၊ စစ်မှုထမ်း အကြုံးဝင်တွေသူကိုတော့ ကျပ်သိန်း ၁၅၀၊ စစ်မှုထမ်း အသက်အရွယ်ကျော်လွန်သူတွေကို ငွေကျပ် သိန်း ၃၀ နှုန်း တောင်းခံနေပြီး ငွေမပေးနိုင်သူတွေကို စစ်မှုထမ်းသင်တန်းကျောင်းတွေထံ ပို့ဆောင်နေတာပါ။
သထုံမြို့ခံတွေကတော့ ပျူစောထီးခေါင်းဆောင် ဖိုးထူးအဖွဲ့ဟာ နယ်လုံအားရ ကျွန်ပါးဝနေတာလို့ ဆိုကြပါတယ်။
ပျူစောထီးခေါင်းဆောင် ဖိုးထူးအဖွဲ့ဟာ စစ်မှုထမ်းအတွက် လိုအပ်သလောက် ရှာပေးနေတာကြောင့် မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ပစားပေးထားသူ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပျူစောထီးခေါင်းဆောင် ဖိုးထူးရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို စစ်တပ် အသွင်းပြောင်း အစိုးရက အရေးမယူတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။
သထုံမြို့ဒေသခံတွေကတော့ ပျူစောထီးခေါင်းဆောင် ဖိုးထူးအဖွဲ့ကို ပြန်ပေးဆွဲ ငွေညှစ်တဲ့အဖွဲ့အဖြစ် သတ်မှတ်ထားကြပြီး လက်နက်အားကိုးနဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျနေမှုကို ထိထိရောက်ရောက် အရေးယူပေးဖို့ လိုလားနေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်

