ကျိုက်မရော ၊ စက်တင်ဘာ ၁၂
မွန်ပြည်နယ် ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့်မရတဲ့အတွက် သွေးလွန်တုပ်ကွေး ရောဂါကြောင့် အကျဉ်းသားအကျဉ်းသူ ၆ ဦး သေဆုံးခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဆေးဝါးကုသခွင့်မရဘဲ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူတွေထဲမှာ အကျဉ်းသား ၄ ဦးနဲ့ အကျဉ်းသူ ၂ ဦး ပါဝင်ပြီး စက်တင်ဘာ ၉ ရက်နေ့မှာ နှစ်ဦး၊ စက်တင်ဘာ ၁၀ ရက်နေ့မှာ လေးဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အကျဉ်းသားအကျဉ်းသူတွေ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးရတာဟာ ရောဂါ ဖြစ်ပွားသူတွေကို အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေက ဆေးဝါးကုသခွင့် မပေးတာ၊အကျဉ်းထောင်မှာ ဆေးဝါး အလုံအလောက် မရှိတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
အကျဉ်းထောင်နဲ့နီးစပ်သူ တစ်ဦးက အကျဉ်းသား၊ အကျဉ်းသူတွေ သေဆုံးရတာဟာ ဆေးဝါးကုသခွင့်အတွက် အဆင့်ဆင့် အချိန်ဆွဲနေတာကြောင့် အချိန်မီ မကုသနိုင်တဲ့အတွက် သေဆုံးရတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဆေးဝါး ကုသခွင့်ကို ဆိုင်းငံ့သွားတာပေါ့နော်။ ဆိုင်းငံ့သွားတယ်ဆိုတာ ဟိုအထက်ကို တင်ပြရတာနဲ့ ဟိုအပြင်ထုတ်ရင် လူတစ်ယောက်ဟာ သေလုမြောပါး ဖြစ်နေတယ်။ ထပြေးလို့တောင် မနိုင်ဘူး။ အဲဒါကို အပြင်ဆေးရုံ ပို့ရင် ခြေကျဉ်းခတ်ရသေးတယ်။ ခြေကျဉ်း ရိုက်ဖို့ လူက စောင့်ရတာနဲ့ အဲဒီလိုပေါ့နော်။ ဆေးဝါးကုသခွင့်ကို အချိန်မီ လက်လှမ်းမီ အလျင်စလို မရတာတွေ ပါတာပေါ့” လို့ ဆိုပါတယ်။
ဒါ့အပြင် ကျိုက်မရော ဗဟို အကျဉ်းထောင်မှာ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားနေတာဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယပတ်ကတည်းက ဖြစ်ပွားနေပေမယ့် အကျဉ်းဦးစီးဌာနက လျစ်လျူရှူထားတာကြောင့် အခုလို သေဆုံးမှု များလာရတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
လက်ရှိ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသွားတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေထဲမှာတော့ နိုင်ငံရေး ပုဒ်မတွေနဲ့ အကျဉ်းကျနေတဲ့သူတွေ မပါဝင်ဘဲ တခြား ပြစ်မှု၊ ပြစ်ဒဏ်တွေနဲ့ အကျဉ်းကျနေတဲ့ သူတွေသာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ကျိုက်မရောဗဟိုအကျဉ်းထောင်က တာဝန်ရှိသူတွေဟာ သွေးလွန်တုပ်ကွေးရောဂါကြောင့် အကျဉ်းသားအကျဉ်းသူတွေ သေဆုံးမှုများလာတဲ့အတွက် အယောင်ပြအနေနဲ့ မော်လမြိုင် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုတွေ ပေးနေတာပါ။
အခုလို မော်လမြိုင် ပြည်သူ့ဆေးရုံမှာ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားနေတဲ့ အကျဉ်းသား၊ အကျဉ်းသူ တွေကို ဆေးကုသခွင့် ပေးတဲ့ နေရာမှာလည်း လုံခြုံရေး တင်းကျပ် အထူး တင်းကျပ်ထားပြီး ကျန်းမာရေး အနည်းငယ် ပြန်ကောင်းတာနဲ့ အကျဉ်းထောင်ကို ပြန်လည် ခေါ်ဆောင်သွားတာ ရှိတယ်လို့ သိရပါတယ်။
ကျိုက်မရောမြို့ရှိ ကျိုက်မရော ဗဟို အကျဉ်းထောင်မှာတော့ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတွေဟာ ထောင်ဝင်စာ လာရောက် တွေ့ဆုံသူတွေကို လိုအပ်တဲ့ ဆေးဝါးတွေအပြင် အစားအသောက်တွေကအစ တင်းကျပ် ထားတာကြောင့် တချို့ အကျဉ်းသား၊ အကျဉ်းသူတွေဟာ ရောဂါ ပြင်းထန်ပြီး သေဆုံးမှုတွေ ရှိလာတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

