နေပြည်တော် ၊ စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က စစ်မျက်နှာတွေမှာ စစ်တပ်ရဲ့ ထိုးစစ်တွေ အရေးမလှဖြစ်နေချိန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကြံပေးအဖွဲ့ကို စစ်အစိုးရရဲ့ နိုင်ငံတော်သမ္မတရုံးကနေ အမိန့်စာထုတ်ပြန်ပြီး ဖွဲ့စည်းကြောင်း အသိပေးထုတ်ပြန်လာပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ရဲ့ အကြံပေးအဖွဲ့ကို ဦးသိန်းစိန်လက်ထက်က လူဟောင်းတချို့နဲ့ ဖွဲ့စည်းခဲ့တာပါ။
ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လက်မှတ်နဲ့ NSPNC ရဲ့ အကြံပေးအဖွဲ့ကို ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဦးအောင်မင်း၊ အဖွဲ့ဝင်တွေအဖြစ် ဦးသိန်းဇော်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာ မင်းဇော်ဦး နဲ့ ဦးသက်နိုင် တို့ ပါဝင်ပါတယ်။
အာဏာသိမ်း စစ်တပ်အနေနဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ အရပ်သားအသွင်ပြောင်း စစ်အစိုးရအဖြစ် ဖွဲ့စည်းပုံဖော်ပြီး ရက် ၁၀၀ စီမံချက်အရ ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။
လက်ရှိအချိန်ထိတော့ စစ်တပ်နဲ့ တိုက်ပွဲမဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုသာ တွေ့ဆုံဆွေးနွေးထားနိုင်ပြီး အဲဒီထဲက တချို့အဖွဲ့တွေဟာ နယ်မြေခွဲဝေသတ်မှတ်ပေးရေးကိစ္စတွေအတွက် ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် ရောက်ရှိလာခဲ့ကြတာပါ။
တစ်ဘက်မှာ အာရက္ခတပ်တော် AA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ထိန်းချုပ်ရာ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ အာဏာသိမ်း စစ်တပ်ရဲ့ ထိုးစစ်တွေ အထိနာနေတဲ့ အချိန်ကာလနဲ့ တိုက်ဆိုင်စွာ အကြံပေးအဖွဲ့ကို ဖွဲ့စည်းလာတာ ဖြစ်ပါတယ်။
လတ်တလောမှာလည်း KIA ၊ CNF နဲ့ ABSDF တို့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC ဘက်က စက်တင်ဘာ ၄ ရက် ရက်စွဲနဲ့ ဖိတ်စာတွေ ပေးပို့ထားတယ်လို့ အဲဒီအဖွဲ့တွေနဲ့ နီးစပ်တဲ့သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး BBC မြန်မာပိုင်းက ဖော်ပြထားတာပါ။
လေ့လာသူတွေကတော့ စစ်တပ်နဲ့ ဒီကနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်ခတ်ရပ်စဲပြီး နယ်မြေတွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်အစိုးရက အပူတပြင်း ကြိုးပမ်းနေတာလို့ သုံးသပ်ကြပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က စစ်တပ်အနေနဲ့ စစ်စခန်းတွေ နောက်ဆုတ်ပေးမယ့် အနေအထားမျိုး ဖြစ်မှသာ ငြိမ်းချမ်းရေးစကားဝိုင်း အသက်ဝင်မှာဖြစ်လို့ လက်ရှိ ဖွဲ့စည်းထားတဲ့ အကြံပေးအဖွဲ့ဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဓိက အနီးကပ်ဆုံးဖြစ်တဲ့ MNDAA တောင်မှပဲ နေပြည်တော်ကို ရောက်လာတဲ့ အနေအထားမျိုး မတွေ့ရသေးဘူး။ အဲဒါဘာလဲဆိုတော့ စစ်တပ်က ဆုံးရှုံးပြီးနယ်မြေတွေကို သူတို့ကို ပြန်ပေး၊ အာဏာသိမ်းကာလ မတိုင်ခင်က အခြေအနေအတိုင်းပဲ သူတို့က လိုချင်တယ်ဆိုတဲ့ ပေးထားချက်ကြီးကြောင့် တိုင်းရင်းသားအဖွဲ့အစည်းတွေက ဘယ်သူပဲ လာဆွေးနွေး လာဆွေးနွေး အဆင်ပြေမှာ မဟုတ်တဲ့အနေအထားမှာ ကျွန်တော်တို့ သွားတွေ့ရတယ်။ နယ်မြေတွေ ပြန်ပြီး စွန့်လွှတ်ဖို့ထက် စစ်စခန်းတွေ ပြန်ပြီးတော့ နောက်ဆုတ်ပေးမယ့် အနေအထားမျိုးတွေ ဖြစ်သွားမှသာ ငြိမ်းချမ်းရေးစကားဝိုင်းက အသက်ဝင်လိမ့်မယ်။ နို့မဟုတ်ရင်တော့ ဘယ်သူပဲ လာပြီး ဖွဲ့စည်း ဖွဲ့စည်း အလုပ်ဖြစ်နိုင်ခြေမရှိဘူး”လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ တအာင်းတပ် TNLA နဲ့ ကိုးကန့်တပ် MNDAA တို့ဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ တရုတ်အစိုးရရဲ့ ဖိအားပေးမှုတွေကြောင့် အာဏာသိမ်း စစ်တပ်နဲ့ Bilateral အပစ်ခတ်ရပ်စဲထားကြတာပါ။
တအာင်းတပ် TNLA က စစ်အစိုးရ ဖိတ်ခေါ်ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နေပြည်တော်အထိ တက်ရောက်ဆွေးနွေးခဲ့တာရှိပေမယ့် MNDAA ကတော့ လက်ရှိအချိန်ထိတော့ လာရောက်ဆွေးနွေးတာ မရှိသေးပါဘူး။
တစ်ဘက်မှာ ညီနောင်မဟာမိတ်အဖွဲ့ဝင် AA အပါအဝင် ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF အဖွဲ့ဝင် KIA ၊ KNU ၊ CNF နဲ့ ကရင်နီအဖွဲ့တွေကတော့ စစ်အစိုးရ ခင်းကျင်းထားတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းခြင်း မရှိဘဲ တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေကြတာပါ။
ဒီအခြေအနေမှာ စစ်အစိုးရ ဖွဲ့စည်းလိုက်တဲ့ အကြံပေးအဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေမှာတော့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းရေးကော်မတီတို့ကို လိုအပ်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အကြံပြုချက်တွေ တင်ပြဖို့ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လက်တွေ့ကျတဲ့ အကြံပြုချက်တွေ ဖော်ထုတ်တာလည်း ပါဝင်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လေ့လာသုံးသပ်ပြီး သင့်လျော်ကောင်းမွန်တဲ့ သုတေသနပြု တွေ့ရှိချက်တွေ လေ့လာဆန်းစစ်ချက်တွေ နဲ့ အကြံပြုစာတမ်းတွေ ဖော်ထုတ်တင်ပြတာ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်လာနိုင်ရေး လေ့လာဆန်းစစ် ဖော်ထုတ်တာတွေကို လုပ်ဆောင်ရမှာပါ။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အသိပညာရှင်တွေ၊ ပြည်တွင်းပြည်ပ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေနဲ့ လိုအပ်သလို ချိတ်ဆက်ဆောင်ရွက်တာတွေလည်း အကြံပေးအဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေအဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ်။
အကြံပေးအဖွဲ့ရဲ့ ချီးမြှင့်ငွေ နဲ့ ခံစားခွင့်တွေကိုတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနရဲ့ ခွင့်ပြုရန်ပုံငွေကနေ ကျခံသုံးစွဲရမယ်လို့ စစ်အစိုးရရဲ့ နိုင်ငံတော်သမ္မတရုံးကနေ ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

