ဘီးလင်း၊ စက်တင်ဘာ ၇

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ညောင်ထောက်ကျေးရွာမှာ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံက သိရပါတယ်။

မနေ့ စက်တင်ဘာ ၆ ရက်နေ့ နေ့လည် ၃ နာရီအချိန်လောက်မှာ အာဏာသိမ်း စစ်တပ်ဟာ တိုက်ပွဲမရှိဘဲ ညောင်ထောက်ကျေးရွာထဲကို ၈၁ မမ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ညောင်ထောက်ကျေးရွာနေ အသက် ၁၀ နှစ်အရွယ် မအိဖြိုးမြတ်ဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၄၆ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်နော်သီးဟာ တင်ပါးမှာ မိုင်းအစ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလက်နက်ကြီး ပစ်ခတ်မှုကို ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ်ကနေ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ညောင်ထောက်ကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ အုပ်ချုပ်နယ်မြေ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု လျော့ကျလာတဲ့ KNU သထုံခရိုင်မှာတော့ အာဏာသိမ်း စစ်တပ်ဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ တစ်လအတွင်း KNU သထုံခရိုင်မှာ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.