မော်လမြိုင် စက်တင်ဘာ ၇

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တော်လှန်ရေးကာလအတွင်း စစ်ရေးတာဝန်တွေကို ထူးချွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီဆုတွေထဲမှာတော့ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ ၊ ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ ၊ ပြည်သူ့ဇာနည်ဆု၊ ပြည်သူ့သားကောင်းဆုနဲ့
တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ်ဆုတွေ ပါဝင်တာ တွေ့ရပါတယ်။

ဆုရရှိသူတွေအနေနဲ့ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ ရရှိသူ ၁ ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ ရရှိသူ ၂၁ ဦး၊ ပြည်သူ့ဇာနည်ဆု ရရှိသူ ၁၆၄၇ ဦး၊ ပြည်သူ့သားကောင်းဆု ရရှိသူ ၈၁ ဦး၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် ရရှိသူ ၄၂ ဦး စုစုပေါင်း ဆုတံဆိပ်ရရှိသူ ၁၇၉၂ ဦး ရှိပါတယ်။

ဆုတံဆိပ်တွေ ချီးမြှင့်ဖို့အတွက် အဆိုပြုလွှာတွေကို ပထမအဆင့်အနေနဲ့ စိစစ်တင်ပြခဲ့ပြီး၊ ဒုတိယအဆင့်မှာ ကာကွယ်ရေးဝန်ကြီးဌာနက ကနဦး စိစစ်ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုတံဆိပ် ရွေးချယ်ရေးကော်မတီက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကနဦးရွေးချယ်မှုတွေကို ထပ်မံစိစစ်ပြီး အတည်ပြုရွေးချယ်ကာ ဆုတွေ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

NUG အနေနဲ့ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်တဲ့ အစီအစဉ်ကို နှစ်စဉ် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီနှစ် ဆုတံဆိပ် ချီးမြှင့်ခံရသူတွေရဲ့ အသေးစိတ်စာရင်းကိုလည်း ဆက်လက်ထုတ်ပြန်သွားမယ်လို့ NUG က ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.