သထုံ၊ စက်တင်ဘာ ၈
မွန်ပြည်နယ် သထုံမြို့ပေါ်ရပ်ကွက်တွေရှိ အရက်ပုန်းဆိုင်တွေမှာ အာဏာသိမ်းစစ်တပ်၊ရဲနဲ့ပြည်သူ့စစ်အဖွဲ့တွေက ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ပူးပေါင်းအဖွဲ့တွေဟာ စက်တင်ဘာလဆန်းပိုင်းကစလို့ သထုံမြို့ နန်းခဲ၊ လိပ်အင်းနဲ့ အောက်ကျင်းရပ်ကွက်တို့ရှိ အရက်ပုန်းဆိုင်တွေမှာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်လာပါတယ်။
စက်တင်ဘာ ၅ ရက်နေ့က အောက်ကျင်းရပ်ကွက် အောင်မြေရွေဘုံပိုင်းရှိ အရက်ဆိုင်မှာ အရက်သောက်နေသူ ၁၃ ဦး၊ အောက်ကျင်းရပ်ကွက် ရွေစာရံဘုရားအနီး အရက်ဆိုင်မှာ အရက်သောက်နေသူ ၅ ဦးကို ဖမ်းဆီးသွားတာပါ။
ဒါ့အပြင် စက်တင်ဘာ ၇ ရက်နေ့ကလည်း သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ အရက်ပုန်းဆိုင်မှာ အရက်ထိုင်သောက်နေတဲ့ အရက်သမား ၈ ဦးကို ထပ်မံဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
မြို့ခံတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံရသူအများစုဟာ အရက်ကြောင့် ခြေတုန်လက်တုန်ဖြစ်သူတွေ၊ လေဖြတ်ထားသူတွေ၊ ကိုယ်အင်္ဂါမသန်စွမ်းတာ၊ အာရုံကြောဆွဲနေသူတွေနဲ့ ကိုယ်အင်္ဂါဖောရောင်နေသူတွေသာ ပါဝင်တယ်လို့ ဆိုပါတယ်။
အရက်သမားတွေအား ပေါ်တာဆွဲ ဖမ်းဆီးမှုဟာ လာမယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၉ သင်တန်းအတွက် မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်ရဲ့ ဖိအားပေးမှုကြောင့် ဆိုကြပါတယ်။
သထုံမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ဟာ စစ်မှုထမ်း သင်တန်းအတွက် စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးပြီးနောက် စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်တပ် လစဉ် ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၈ အထိ ဒေသတွင်းက လူငယ် ၅၈၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

