ဆိုးလ်၊ စက်တင်ဘာ ၂
တောင်ကိုရီးယားနဲ့ဂျပန်ကြား စွမ်းအင်ထောက်ပံ့ရေး ကွင်းဆက်တွေ အကောင်အထည်ဖော်ရေး ပထမဆုံး အစည်းအဝေးကို တိုကျိုမြို့မှာ ကျင်းပခဲ့ ပါတယ်။
စွမ်းအင် ထောက်ပံ့မှုနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေနိုင်မယ့် နည်းလမ်းတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြကြောင်း တောင်ကိုရီးယား စက်မှုဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။
ဓာတ်ငွေ့အရည် (LNG)၊ ရေနံစိမ်းနဲ့ ဓာတ်ဆီ ထုတ်ကုန်တွေ အရေးပေါ် အခြေအနေမှာ တည်ငြိမ်စွာ ထောက်ပံ့မှု ရှိရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။
နောက်ထပ် ကာဗွန်ထုတ်လုပ်မှုတွေကို တုံ့ပြန်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံ အမြင်တွေကို လဲလှယ်ခဲ့ကြပြီး အီးယူရဲ့ ကာဗွန် ထုတ်လွှတ်မှုဆိုင်ရာ အခွန်ကောက်မှုတွေ အပါအဝင် ဥပဒေအရ စစ်ဆေးမှုတွေကြောင့် ထောက်ပံ့ရေး ကွင်းဆက်တွေ ထိန်းသိမ်းရေးအတွက်လည်း နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာတဝှမ်း အထူးသဖြင့် အရှေ့တောင်အာရှမှာ စွမ်းအင်ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဂျပန်နဲ့တောင်ကိုရီးယားကြား စစ်မက်ကာလ အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ ရှိနေပေမယ့် စွမ်းအင် အခက်အခဲကြောင့် ပူးပေါင်းဆောင်ရွက်မှုတွေ တွေ့မြင်လာရပြီး ဂျပန် ဝန်ကြီးချုပ် တာကာ အိချီ လက်ထက်မှာ ဆက်ဆံရေး ကောင်းမွန်လာတာ တွေ့ရပါတယ်။
ကမ္ဘာ့ စွမ်းအင် ၂၀ ရာခိုင်နှုန်း ဖြစ်သန်းရာ ဟောမု့ဇ် ရေလက်ကြားကို အီရန်က စစ်ပွဲ စတင်ပြီးကတည်းက ပိတ်ထားတာကြောင့် ရေနံတင်သင်္ဘောတွေ မဖြတ်သန်းနိုင် ဖြစ်နေပြီး အရှေ့တောင်အာရှ အပါအဝင် ဒေသတွင်းမှာ လောင်စာဈေး အဆမတန် မြင့်တက်နေပါတယ်။
လက်ရှိ အမေရိကန်နဲ့ အီရန်ကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ပြန်စလာတာကြောင့် ကမ္ဘာ့လောင်စာဈေး ဆက်လက် မြင့်တက်ဦးမယ်လို့ မျှော်လင့်ရပါတယ်။
Ref:Reuters

