လန်ဒန် ဩဂုတ် ၃၁

အမေရိကန်နဲ့ အီရန်ကြား စစ်ရေးတိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာပြီး အရှေ့အလယ်ပိုင်းက ရေနံတင်ပို့မှုတွေ ထိခိုက်နိုင်တဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတာကြောင့် ကမ္ဘာ့ရေနံဈေးတွေဟာ ဩဂုတ် ၃၁ ရက်မှာ ၃ ဒသမ ၅ ရာခိုင်နှုန်းကျော် မြင့်တက်သွားပါတယ်။

အမေရိကန်တပ်ဖွဲ့တွေက အီရန်နိုင်ငံရဲ့ ဟောမု့ဇ်ရေလက်ကြား အတွင်းမှာရှိတဲ့ လာရက်ကျွန်းပေါ်က ဒုံးကျည်ပစ်လွှတ်စခန်း ၂ ခုကို ဩဂုတ် ၃၀ ရက်မှာ တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လနှောင်းပိုင်းနောက်ပိုင်း အီရန်ပိုင်နက်အတွင်း အမေရိကန်ရဲ့ ပထမဆုံးသိရှိရတဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။

အီရန်ဘက်ကလည်း တုံ့ပြန်တဲ့အနေနဲ့ ဂျော်ဒန်နိုင်ငံအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်း ၂ ခုကို တိုက်ခိုက်ခဲ့တယ်လို့ အီရန်မီဒီယာတွေက အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကို ကိုးကားပြီး ဖော်ပြပါတယ်။

ဒီစစ်ရေးတင်းမာမှုတွေကြောင့် ရေနံထောက်ပံ့မှု ပိုမိုပြတ်တောက်နိုင်တဲ့ စိုးရိမ်ချက်တွေ မြင့်တက်လာပြီး ရေနံဈေးကို တိုက်ရိုက်တွန်းတင်နေတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဩဂုတ် ၃၁ ရက် မနက်ပိုင်းမှာ ရေနံဈေးက တစ်စည်ကို ၉၁ ဒသမ ၂၅ ဒေါ်လာရှိနေပြီး ၃ ဒသမ ၅၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာပါ။

စစ်ပွဲမစတင်ခင်က ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ငါးပုံတစ်ပုံခန့်ဟာ ဟောမု့ဇ်ရေလမ်းကြောင်းကနေ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် တိုက်ခိုက်မှုတွေကြောင့် သင်္ဘောကုမ္ပဏီတွေက လုံခြုံရေးအတွက် ပိုမိုသတိထားလာပြီး ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ရေလက်ကြားကို ဖြတ်သန်းခဲ့တဲ့ ကုန်တင်သင်္ဘောအရေအတွက်ဟာ တစ်နေ့ကို ၅ စီးခန့်အထိ ကျဆင်းသွားတယ်လို့ သင်္ဘောသွားလာမှုအချက်အလက်တွေမှာ ဖော်ပြပါတယ်။

ဗြိတိန် ရေကြောင်းကုန်သွယ်လုပ်ငန်း အဖွဲ့ကလည်း ဩဂုတ် ၂၉ ရက်မှာ ဟောမု့ဇ်ရေလက်ကြားထဲ ဝင်ရောက်လာတဲ့ ရေနံတင်သင်္ဘောတစ်စီးဟာ ပစ်ခတ်မှုတစ်ခုကြောင့် ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။

ရေနံဈေးတွေ ဩဂုတ် ၃၁ ရက်မှာ ပြန်လည်မြင့်တက်လာခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်က ၄ ရာခိုင်နှုန်းကျော် ဈေးနှုန်းကျဆင်းထားတာကြောင့် ဩဂုတ်လအတွက်တော့ ဈေးကျဆင်းမှုနဲ့ အဆုံးသတ်နိုင်ဖွယ်ရှိနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.