ဘေဂျင်း ဩဂုတ် ၃၁

နီပေါနဲ့ တိဘက်နယ်စပ်မှာ ဩဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ အကြီးစားရေဘေးအကြောင်း မမှန်သတင်းတွေ၊ ကောလာဟလတွေ ဖြန့်ဝေခဲ့တယ်ဆိုပြီး လူ ၁၀ ဦးကို တရုတ်အာဏာပိုင်တွေက အရေးယူလိုက်ပါတယ်။

ဟိမဝန္တာဒေသမှာ ဆူနာမီလို ပြင်းထန်တဲ့ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့တာကြောင့် နယ်စပ်နှစ်ဖက်စလုံးမှာရှိတဲ့ ကျေးရွာနဲ့ လူနေအသိုင်းအဝိုင်းတွေ အကြီးအကျယ် ပျက်စီးခဲ့ပြီး ဩဂုတ် ၃၁ ရက်အထိ နီပေါနဲ့ တိဘက်ဘက်မှာ သေဆုံးသူ ၉၀၀ ကျော်ရှိလာကာ လူပေါင်း ၄,၈၀၀ ခန့် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအောက်က ဆိုက်ဘာလုံခြုံရေးဌာနက ဩဂုတ် ၃၁ ရက်မှာ လူ ၁၀ ဦးရဲ့ ဖြစ်စဉ်တွေကို ထုတ်ဖော်ပြောဆိုပြီး သဘာဝဘေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အမှားတွေ ဖန်တီးဖြန့်ဝေသူတွေကို ဆက်လက်နှိမ်နင်းသွားမယ်လို့ ပြောပါတယ်။

အရေးယူခံရသူတွေဟာ အဓိကအားဖြင့် တိဘက်မှာ သေဆုံးသူနဲ့ ပျောက်ဆုံးသူအရေအတွက်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့သူတွေဖြစ်ပြီး တချို့က သေဆုံးသူ ထောင်နဲ့ချီရှိကြောင်း၊ အစိုးရက ထုတ်ပြန်ထားတာထက် ပျောက်ဆုံးသူ ပိုများတယ်ဆိုတဲ့ အချက်တွေကို ဖြန့်ဝေခဲ့ကြတယ်လို့ တရုတ်အာဏာပိုင်တွေက ဆိုပါတယ်။

တရုတ်ဘက်က လက်ရှိထုတ်ပြန်ထားတဲ့ စာရင်းအရ တိဘက်မှာ သေဆုံးသူ ၁၆ ဦးနဲ့ ပျောက်ဆုံးသူ ၅၄၆ ဦးရှိနေပါတယ်။

အဲဒီ လူ ၁၀ ဦးကို အုပ်ချုပ်ရေးဆိုင်ရာ ပြစ်ဒဏ် ချမှတ်ထားတယ်လို့သာ တရုတ်ဘက်က ပြောပြီး ဘယ်လိုပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်ဆိုတာနဲ့ ဘယ် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကနေ ဖြန့်ဝေခဲ့တာလဲဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်ခြင်းမရှိပါဘူး။

တရုတ်နိုင်ငံရဲ့ ဥပဒေအရ သဘာဝဘေး၊ ကပ်ရောဂါ၊ အန္တရာယ်နဲ့ ရဲသတင်းပေးပို့ချက်တွေကို တမင်တကာ မမှန်မကန် ဖြန့်ဝေပြီး လူထုအတွင်း အနှောင့်အယှက်ဖြစ်စေသူတွေကို ထောင်ဒဏ် ၁၀ ရက်အထိ ချမှတ်နိုင်သလို ဒဏ်ငွေ ယွမ် ၁,၀၀၀ အထိလည်း ချမှတ်နိုင်ပါတယ်။

ဆိုရှယ်မီဒီယာကနေ မမှန်သတင်းတွေ ဖြန့်ဝေတာကြောင့် ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်လာရင်တော့ ထောင်ဒဏ် ၃ နှစ်အထိ၊ အရမ်းပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်လာရင် ၇ နှစ်အထိ ထောင်ချနိုင်တဲ့ ဥပဒေတွေ ရှိတယ်လို့ သိရပါတယ်။

ဒီအရေးယူမှုတွေနဲ့အတူ တရုတ်အစိုးရဟာ ရေဘေးနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတချို့ကိုလည်း “သတင်းမှား” ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဘက်က ငြင်းဆိုထားပါတယ်။

နီပေါနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ အဓိကစွပ်စွဲချက် ၂ ခုကို တုံ့ပြန်ခဲ့ပါတယ်။

ပထမတစ်ခုက တရုတ်ဘက်က နီပေါကို ကြိုတင်သတိပေးချက် မပေးခဲ့တာကြောင့် နီပေါဘက်မှာ လူအများအပြား သေဆုံးခဲ့ရတယ် ဆိုတဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ တရုတ်ဘက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘူမိဘေးအန္တရာယ်ကြောင့် ရေတားဆီးထားတဲ့ သဘာဝတမံကျိုးပြီး နီပေါဘက်မှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့တယ် ဆိုတဲ့ ပြောဆိုချက် ဖြစ်ပါတယ်။

တရုတ်သံရုံးက ဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး ရေဘေးကြောင့် နီပေါနဲ့ တရုတ်နှစ်နိုင်ငံစလုံးမှာ လူသေဆုံးမှုနဲ့ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ပြောပါတယ်။

တရုတ်ဘက်ကတော့ ဟိမဝန္တာဒေသမှာ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေဟာ အလွန်ကျယ်ပြန့်ပြီး ပြန့်ကျဲနေတဲ့အတွက် အမြင့်ပိုင်းဒေသတွေကို ပုံမှန်မြေပြင်စစ်ဆေးမှုတွေ လုပ်ဆောင်ရာမှာ အကန့်အသတ်တွေရှိတယ်လို့ ရှင်းပြပါတယ်။

တရုတ်ကျွမ်းကျင်သူအဖွဲ့တွေဟာ လက်ရှိနည်းပညာနဲ့ တတ်နိုင်သမျှ စောင့်ကြည့်၊ အကဲဖြတ်၊ ခွဲခြမ်းစိတ်ဖြာမှုတွေ ပြုလုပ်ပြီး အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို နီပေါဘက်ကို အချိန်မီ မျှဝေပေးခဲ့တယ်လို့လည်း တရုတ်သံရုံးက ပြောဆိုထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.