ဘန်ကောက် ဩဂုတ် ၃၁

ဘန်ကောက်မြို့က အစ္စရေးသံရုံးအနီးမှာ စက်တင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဆန္ဒပြပွဲပြုလုပ်သွားမယ်လို့ ထိုင်းအမျိုးသားရေးအဖွဲ့တစ်ခုဖြစ်တဲ့ Thai Mai Thon က ကြေညာလိုက်ပါတယ်။

ဆန္ဒပြရတဲ့ အဓိကအကြောင်းရင်းကတော့ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ အစ္စရေးနိုင်ငံသား တချို့ရဲ့ ထိုင်းလူမျိုးတွေအပေါ် မလေးမစားပြုမူတာတွေရှိနေတယ်လို့ အဖွဲ့ဘက်က ယူဆတာကြောင့် အစ္စရေးသံအမတ်ကြီးအနေနဲ့ အရေးယူတားဆီးပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။

Thai Mai Thon အဖွဲ့ခေါင်းဆောင် တေးအာချီဝက ဒီဆန္ဒပြပွဲဟာ နိုင်ငံရေးပါတီတစ်ခုခုရဲ့ လှုပ်ရှားမှုမဟုတ်ဘဲ “ထိုင်းပြည်သူတွေရဲ့ အင်အားနဲ့ပဲ လုပ်ဆောင်တာ” ဖြစ်တယ်လို့ ပြောပါတယ်။

သူက အစ္စရေးသံအမတ်ကြီးအနေနဲ့ အစ္စရေးနိုင်ငံသားတွေကို သတိပေးပြီး ထိုင်းနိုင်ငံမှာ မသင့်လျော်တဲ့ ပြုမူမှုတွေ မလုပ်ကြဖို့ ထိန်းသိမ်းပေးရမယ်လို့ တောင်းဆိုထားပါတယ်။

ဒါပေမယ့် အစ္စရေးနိုင်ငံသားအားလုံးကို ရည်ညွှန်းပြောဆိုတာ မဟုတ်ဘဲ တချို့သောအဖွဲ့တွေ၊ လူပုဂ္ဂိုလ် တချို့ရဲ့ အပြုအမူတွေကိုသာ ရည်ညွှန်းတာဖြစ်တယ်လို့လည်း တေး က ရှင်းပြထားပါတယ်။

တေး ရဲ့ Facebook အကောင့်မှာ Follower တစ်သန်းနီးပါးရှိပြီး သူက ဆန္ဒပြပွဲကို လာရောက်မယ့်သူတွေအနေနဲ့ ဘန်ကောက်မြို့ Sukhumvit 21 အနီးမှာ စုဝေးကြဖို့၊ အားကစားဖိနပ်စီးလာကြဖို့နဲ့ နေပူတာ၊ မိုးရွာတာတွေရှိနိုင်တဲ့အတွက် ထီးယူလာကြဖို့ တိုက်တွန်းထားပါတယ်။

“ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေဟာ ဧည့်သည်တွေကို ကောင်းမွန်တဲ့ အိမ်ရှင်တွေအဖြစ် လေးစားဆက်ဆံပေမယ့် ထိုင်းနိုင်ငံကိုလာပြီး ထိုင်းလူမျိုးတွေရဲ့ အမျိုးသားရေးအမှတ်အသားကို ခြိမ်းခြောက်တာ၊ မလေးမစားပြုတာ၊ အထင်သေးတာတွေကိုတော့ လက်မခံနိုင်ဘူး” လို့ တေး က ရေးသားထားပါတယ်။

အစ္စရေးဘက်က သတိပေးတားဆီးမှု မပြုလုပ်ပေးခဲ့ဘူးဆိုရင် ဩဂုတ် ၃၁ ရက်နေ့နောက်ပိုင်းမှာ အစ္စရေးသံရုံးကို သွားရောက်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး အဖြေတောင်းသွားမယ်လို့လည်း Thai Mai Thon အဖွဲ့က ပြောထားပါတယ်။

Ref:khaosodenglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.