ဘန်ကောက် ဩဂုတ် ၃၁

ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ဖမ်းဝရမ်းထုတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက် ကရင်ပြည်နယ်အခြေစိုက် စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ နယ်ခြားစောင့်တပ် BGF ရဲ့ အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စောမုတ်သုန်ဟာ မြဝတီကနေ ဘားအံဘက်ကို ထွက်ပြေးသွားတယ်လို့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး DVB သတင်းဌာနက ဖော်ပြပါတယ်။

ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ စောမုတ်သုန်ဟာ မြဝတီမြို့နယ်မှာရှိတဲ့ သူ့ရဲ့ BGF တပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်ကိုပါ မြဝတီကနေ ရွှေ့ပြောင်းပြီး ဘားအံမြို့ရဲ့ မြောက်ဘက် ၃၈ ကီလိုမီတာခန့်အကွာ၊ ကြာအင်းကျေးရွာအနီး မိဇံတောင်ခြေရင်းမှာ တပ်စွဲထားတယ်လို့ ကရင်ပြည်နယ်အတွင်းက သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စောမုတ်သုန်ကို ထိုင်းအာဏာပိုင်တွေက မြဝတီမြို့မှာ လည်ပတ်နေတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အသုံးပြုဖို့ လူကုန်ကူးပို့ဆောင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းနေတယ်လို့ ကရင်သတင်းအချက်အလက်စင်တာ (KIC) က ဖော်ပြထားပါတယ်။

မြဝတီဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ သောင်ရင်းမြစ်တစ်ဖက်တစ်ချက်မှာ တည်ရှိပြီး ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေ အများအပြားရှိတဲ့ ဒေသတစ်ခုအဖြစ်လည်း နိုင်ငံတကာက အာရုံစိုက်နေတဲ့နေရာ ဖြစ်ပါတယ်။

ထိုင်းလူကုန်ကူးမှုဆိုင်ရာ ဥပဒေအရ စောမုတ်သုန်အပေါ် စွဲချက်တစ်ခုချင်းစီအတွက် အနည်းဆုံး ထောင်ဒဏ် ၃ နှစ် ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။ ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းဟာလည်း ၂၀၃၇ ခုနှစ် ဩဂုတ် ၁၆ ရက်နေ့အထိ သက်ရောက်နေမယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်က နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ ထိုင်းဘက်က ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် စောမုတ်သုန်ရဲ့ BGF အတွင်း သြဇာနဲ့ အာဏာဟာ သိသိသာသာ ကျဆင်းလာတယ်လို့ DVB ကို ပြောပါတယ်။

အခုနှစ် ဇန်နဝါရီလအတွင်းမှာလည်း BGF ခေါင်းဆောင် စောချစ်သူရဲ့ ကရင်အမျိုးသားတပ်မတော် (KNA) ထဲ ပေါင်းစည်းဖို့ အမိန့်ပေးခဲ့တာကို စောမုတ်သုန်က လိုက်နာခဲ့ခြင်းမရှိဘဲ သူ့တပ်ဖွဲ့တွေကို သီးခြားဆက်လက်ထားရှိခဲ့တာကြောင့် BGF အတွင်း အကွဲအပြဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် BGF အတွင်း အာဏာသိမ်းစစ်တပ်ကို အကူအညီမပေးဖို့ ညွှန်ကြားချက်တွေရှိနေပေမယ့် စောမုတ်သုန်ဟာ မြဝတီတောင်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်ကို ဆက်လက်ကူညီနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စောမုတ်သုန်၊ BGF ခေါင်းဆောင် စောချစ်သူနဲ့ စောတင်ဝင်းတို့ကို ရွှေကုက္ကိုလ်ဒေသက ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်ပတ်သက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဥရောပသမဂ္ဂ (EU) က ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ပိတ်ဆို့အရေးယူထားပါတယ်။

စောချစ်သူကိုတော့ လူကုန်ကူးမှုနဲ့ အတင်းအကျပ်အလုပ်ခိုင်းစေမှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမေရိကန်၊ ဗြိတိန်၊ EU နဲ့ ဆွစ်ဇာလန်တို့က ၂၀၂၃ ခုနှစ်ကတည်းက ပိတ်ဆို့အရေးယူထားပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာလည်း နိုင်ငံတကာ လူကုန်ကူးခံရသူတွေ ကယ်တင်ခံရပြီးနောက် ထိုင်းအာဏာပိုင်တွေက စောမုတ်သုန်၊ စောချစ်သူနဲ့ စောတင်ဝင်းတို့ သုံးဦးကို ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိ ထိုင်း DSI က စောမုတ်သုန်အတွက်သာ ဖမ်းဝရမ်းထုတ်ထားတယ်လို့ DVB က ဖော်ပြထားပါတယ်။

Ref:DVB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.