ဘစ်ရှ်ကက် (ကာဂျစ္စတန်) ဩဂုတ် ၂၉
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ဩဂုတ် ၃၁ ရက်ကစပြီး ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့မှာ ၂ ရက်ကြာကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။
ဒီအစည်းအဝေးဟာ SCO အဖွဲ့ တည်ထောင်ခဲ့တာ ၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင် ၁၂ ဦးဝန်းကျင် တက်ရောက်မယ်လို့ သိရပါတယ်။
SCO အဖွဲ့မှာ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ အာရှအလယ်ပိုင်းနိုင်ငံ ၄ နိုင်ငံတို့အပြင် ရုရှားနဲ့ မဟာမိတ်ဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံတို့ ပါဝင်ပါတယ်။
ရုရှားနဲ့ တရုတ်တို့ဟာ အရင် ကျင်းပခဲ့တဲ့ SCO ထိပ်သီးအစည်းအဝေးတွေမှာ အင်အားကြီးနိုင်ငံတစ်နိုင်ငံတည်းက လွှမ်းမိုးတဲ့ကမ္ဘာ့စနစ်မဟုတ်ဘဲ နိုင်ငံအများအပြားက အင်အားမျှဝေတဲ့ “Multipolar World” (နိုင်ငံစုံ အင်အားမျှချေ ကမ္ဘာ) စနစ်ကို မြှင့်တင်ပြောဆိုခဲ့ကြပြီး အနောက်နိုင်ငံတွေအပေါ် စည်းလုံးတဲ့ ရပ်တည်ချက်ကိုလည်း ပြသခဲ့ကြပါတယ်။
အခုအစည်းအဝေးဟာ ရုရှားရဲ့ ယူကရိန်းစစ်ပွဲ စတင်ခဲ့တာ ၄ နှစ်ခွဲနီးပါးရှိလာချိန်နဲ့ အမေရိကန်နဲ့ အီရန်ကြား စစ်ပွဲဖြစ်ပွားနေခဲ့တာ ၆ လအကြာမှာ ကျင်းပတာလည်း ဖြစ်ပါတယ်။
အီရန်ဘက်ကတော့ သမ္မတ မာဆောက် ပီဇက်ခီယန် တက်ရောက်မှာဖြစ်ပြီး ရုရှားသမ္မတ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီနဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘတ် ရှဟစ်တို့လည်း ကာဂျစ္စတန်သမ္မတ ဆက်ယာ ဂျာပါရော့ ဦးဆောင်တဲ့ အစည်းအဝေးမှာ ပါဝင်မယ်လို့ ဆိုပါတယ်။
ရုရှားသမ္မတ ပူတင်ဟာ အီရန်သမ္မတ ပီဇက်ခီယန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အပြင် တခြားနိုင်ငံခေါင်းဆောင်တွေနဲ့လည်း သီးခြားတွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ယူရီ ရှကော့ဖ်က ပြောပါတယ်။
ရုရှားနဲ့ အီရန်ကြား ဆက်ဆံရေး ပိုမိုနီးကပ်လာ
ယူကရိန်းစစ်ပွဲအတွင်း ရုရှားနဲ့ အီရန်တို့ဟာ စစ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်ခဲ့ကြပါတယ်။
နှစ်နိုင်ငံစလုံးဟာ ကမ္ဘာပေါ်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှု အများဆုံး ခံထားရတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ရုရှားနဲ့ တရုတ်နိုင်ငံတို့ကို အီရန်နိုင်ငံကို လက်နက်ထောက်ပံ့ခြင်း မပြုလုပ်ဖို့ သတိပေးထားပါတယ်။
ပူတင်နဲ့ အီရန်သမ္မတတို့ရဲ့ တွေ့ဆုံမှုဟာ အမေရိကန် စီအိုင်အေ ညွှန်ကြားရေးမှူး ဂျွန်ရက်ဖ်ကလစ် မော်စကိုမြို့ကို ထူးခြားစွာ သွားရောက်ခဲ့ပြီး ရက်ပိုင်းအကြာမှာ ဖြစ်လာတာပါ။
အမေရိကန်မီဒီယာ တချို့ကတော့ ရက်ကလစ်ဖ် ရဲ့ ရုရှားခရီးစဉ်အတွင်း ယူကရိန်းနဲ့ အီရန်အရေးတွေကို ရုရှားဘက်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
SCO က အနောက်နိုင်ငံတွေကို တန်ပြန်ဖို့ ရည်ရွယ်တဲ့အဖွဲ့လား
SCO အဖွဲ့ဟာ မူလက စီးပွားရေးနဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို အဓိကထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒါပေမယ့် မကြာသေးခင်နှစ်တွေမှာ ရုရှားနဲ့ တရုတ်တို့ရဲ့ ဦးဆောင်မှုအောက်မှာ အဖွဲ့ရဲ့ အရေးပါမှုက ပိုမိုမြင့်တက်လာပါတယ်။
လက်ရှိမှာ အဖွဲ့ဝင် ၁၀ နိုင်ငံအပြင် တူရကီ၊ ဆော်ဒီအာရေဗျနဲ့ ကာတာအပါအဝင် ဆွေးနွေးဖက်နိုင်ငံ ၁၅ နိုင်ငံ ရှိပြီး အာဖဂန်နစ္စတန်နဲ့ မွန်ဂိုလီးယားတို့ကတော့ လေ့လာသူနိုင်ငံတွေအဖြစ် ပါဝင်နေပါတယ်။
SCO ရဲ့ တည်ထောင်မှု ကြေညာချက်မှာ အဖွဲ့ဟာ “တခြားနိုင်ငံတွေကို ဆန့်ကျင်ဖို့ ဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့ မဟုတ်ဘူး” လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် ပူတင်နဲ့ ရှီကျင့်ဖျင်တို့ဟာ SCO ထိပ်သီးအစည်းအဝေးတွေမှာ အနောက်နိုင်ငံတွေကို ဝေဖန်တဲ့ မိန့်ခွန်းတွေကို အကြိမ်ကြိမ် ပြောဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ် အစည်းအဝေးမှာလည်း ပူတင်က အနောက်နိုင်ငံတွေဟာ ယူကရိန်းစစ်ပွဲ ဖြစ်ပွားလာအောင် လှုံ့ဆော်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ရှီကျင့်ဖျင်ကတော့ အမေရိကန်-တရုတ် တင်းမာမှုကို ရည်ညွှန်းပြီး “ခြိမ်းခြောက်အနိုင်ကျင့်တဲ့ လုပ်ရပ်တွေ” ကို ဝေဖန်ခဲ့ပါတယ်။
စစ်ပွဲနဲ့ ကုန်သွယ်ရေးတင်းမာမှုတွေကြား ကျင်းပမယ့် ထိပ်သီးအစည်းအဝေး
ဒီနှစ် SCO ထိပ်သီးအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံ တချို့က တကယ့်စစ်ပွဲတွေထဲ ပါဝင်နေချိန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ရုရှားနဲ့ ယူကရိန်းစစ်ပွဲ၊ အမေရိကန်နဲ့ အီရန်ကြား ပဋိပက္ခတွေအပြင် အမေရိကန်က တရုတ်နဲ့ အိန္ဒိယနိုင်ငံက ထုတ်ကုန်တွေကို အခွန်တိုးမြှင့်ထားတာကြောင့် ကုန်သွယ်ရေးတင်းမာမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
ဒီလအတွင်း အမေရိကန်က အီရန်နဲ့ ကုန်သွယ်နေတဲ့ နိုင်ငံတွေကို ရွှေ၊ နည်းပညာ၊ ဒီဂျစ်တယ်ပိုင်ဆိုင်မှု၊ လေကြောင်းနဲ့ ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွေမှာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။
အီရန်နဲ့ ဆက်ဆံနေတဲ့ မဟာမိတ်နိုင်ငံတွေကိုလည်း အရေးယူပိတ်ဆို့နိုင်တယ်လို့ ဝါရှင်တန်က သတိပေးထားပါတယ်။
တရုတ်နိုင်ငံဟာ အီရန်ရေနံကို အဓိကဝယ်ယူနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် အမေရိကန်ရဲ့ အရေးယူမှုတွေကို တရုတ်ဘက်ကလည်း “မိမိတို့ရဲ့ အကျိုးစီးပွားတွေကို ခိုင်ခိုင်မာမာ ကာကွယ်သွားမယ်” လို့ တုံ့ပြန်ထားပါတယ်။
အီရန်ဟာ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်းကတည်းက ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး စီးပွားရေးဖိအားတွေကြောင့် အလျှော့ပေးမှာ မဟုတ်ဘူးလို့ အစဉ်တစိုက် ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အီရန်သမ္မတ ပီဇက်ခီယန် ကိုယ်တိုင်ကလည်း နိုင်ငံဟာ “စီးပွားရေးအခက်အခဲတွေ” ရင်ဆိုင်နေရတယ်လို့ ဝန်ခံထားပါတယ်။
အီရန်ဟာ SCO အဖွဲ့ထဲကို ၂၀၂၃ ခုနှစ်မှာမှ တရားဝင် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူ မိုဟာမက် ဟာဆန် နက်မီကတော့ အီရန်ဟာ SCO အပါအဝင် ဒီလို မဟာမိတ်အဖွဲ့တွေထဲမှာ တက်ကြွစွာ ပါဝင်ခြင်းကနေ အမေရိကန်နဲ့ ဥရောပရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲနိုင်မယ်လို့ ယုံကြည်ထားတယ်လို့ ပြောပါတယ်။
ဒါပေမယ့် အကျပ်အတည်းကာလတွေမှာ ဒီမဟာမိတ်အဖွဲ့တွေက အီရန်ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့တာ နည်းပါးတဲ့အတွက် SCO အဖွဲ့ဝင်ဖြစ်ခြင်းက အီရန်အတွက် လက်တွေ့အကျိုးအမြတ် ဘယ်လောက်ရနိုင်မလဲဆိုတာ မသေချာသေးဘူးလို့လည်း သုံးသပ်ထားပါတယ်။
SCO အဖွဲ့ဟာ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးနဲ့ ကမ္ဘာ့ GDP ရဲ့ ၂၅ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုတယ်လို့ ဆိုထားပေမယ့် အဖွဲ့ဝင်နိုင်ငံတွေအကြား အကျိုးစီးပွားနဲ့ သဘောထားကွဲလွဲမှုတွေလည်း ရှိနေပါတယ်။
အထူးသဖြင့် သယံဇာတပေါကြွယ်ဝပြီး ဥရောပနဲ့ အာရှကြား ကုန်စည်ပို့ဆောင်ရေးအတွက် အရေးပါတဲ့ အာရှအလယ်ပိုင်းဒေသမှာ ရုရှားနဲ့ တရုတ်တို့က သြဇာလွှမ်းမိုးရေးအတွက် ပြိုင်ဆိုင်နေကြတာ ဖြစ်ပါတယ်။
တဖက်မှာလည်း တရုတ်နဲ့ အိန္ဒိယ၊ ပါကစ္စတန်တို့ကြား ဆက်ဆံရေးမှာ တချို့ကာလတွေတုန်းက တင်းမာမှုတွေ ရှိနေတဲ့အတွက် SCO အဖွဲ့ဟာ အနောက်နိုင်ငံတွေကို တန်ပြန်နိုင်မယ့် တသားတည်းသော မဟာမိတ်အဖွဲ့တစ်ခုအဖြစ် လက်တွေ့မှာ ဘယ်လောက်အထိ ရပ်တည်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref:AFP

