နူဝါကော့၊ သြဂုတ် ၂၈

နီပေါ – တိဘက်နယ်စပ်မှာ မြေပြိုမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရေကန်တစ်ခု သြဂုတ် ၂၈ ရက်မှာ ရေလျှံထွက်မှုကြောင့် လွန်ခဲ့တဲ့ နှစ်ရက်က ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေမှာ နောက်ထပ် ရေကြီးနိုင်တဲ့ အန္တရာယ်တွေ ရှိနေပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ တိဘက်ဒေသနဲ့ ထိစပ်နေတဲ့ နီပေါနိုင်ငံ ရာဆူဝါဒေသမှာ ရေမျက်နှာပြင် ပိုမို မြင့်တက်လာမှုကြောင့် ဒေသခံတွေ ကုန်မြင့်နေရာတွေဆီ အလျင်အမြန် ထွက်ပြေးခဲ့ရပါတယ်။

အဲဒီ ရေကန် ကမ်းပါးကျိုးပေါက်နိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် တရုတ် ကယ်ဆယ်ရေး အမှုထမ်းတွေနဲ့ ယာဉ်တွေ အားလုံး ဘေးကင်းရာဒေသ တစ်ခုသို့ ဆုတ်ခွာပြီး အသင့်အနေအထား နေနေရတယ်လို့ နိုင်ငံပိုင် ရုပ်သံသတင်းဌာန CCTV က သြဂုတ် ၂၈ ရက်မှာ ဖော်ပြပါတယ်။

နီပေါအာဏာပိုင်တွေအနေနဲ့ လာမယ့် မိနစ် ၉၀ အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်တန့်ထားမှာ ဖြစ်ကြောင်း စစ်တပ် အရာရှိ တစ်ဦးက ပြောပါတယ်။

သြဂုတ် ၂၆ ရက်မှာ ဒေသတွင်း ရေခဲမြစ် ကျိုးပေါက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ နီပေါနိုင်ငံက ရေကြီးရေလျှံမှုအတွင်း သေဆုံးသူ ၄၆၉ ဦးအထိ ရှိလာပြီး အဲဒီ ဒေသနဲ့ တိဘက်မှာ ပျောက်ဆုံးနေသူ ၁၀၀၀ နီးပါးရှိပါတယ်။

ရေခဲမြစ် ကျိုးပျက်ပြီးနောက် ဟိမဝန္တာ တောင်တန်းတလျှောက် ကျောက်သားတွေ၊ ရေခဲတွေနဲ့ ရွှံ့နွံတွေ အပျက်အဆီး အပိုင်းအစတွေ ပြိုဆင်းလာခဲ့တာ ဖြစ်ပါတယ်။

ရေကြီးရေလျှံမှုကြောင့် ကျေးရွာတွေနဲ့ တောင်ကြား ချိုင့်ဝှမ်းတွေ ပျက်စီးသွားပြီး လျှပ်စစ်ဓတ်အားပေး စက်ရုံတွေ၊ လမ်းတွေနဲ့ တံတားတွေ ပျက်စီးသွားပါတယ်။

တောင်တက်သမားတွေနဲ့ ဘုရားဖူးတွေကြား လူကြိုက်များတဲ့ တိဘက်ရှိ လယ်ဆာနဲ့ နီပေါမြို့တော် ခတ္တမန္တူကြား လမ်းကြောင်းတွေလည်း ထိခိုက် ပျက်စီးသွားပါတယ်။

အပျက်အစီးတွေကြောင့် အတားအဆီးသဖွယ် ရေကန် တစ်ခု ဖြစ်ပေါ်လာပြီး အောက်ပိုင်းရှိ ဒေသတွေမှာ နောက်ထပ် ရေကြီးရေလျှံနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။

တရုတ်က လေကြောင်း စောင့်ကြည်ထောက်လှမ်းရေး သုံးဖက်မြင် နည်းပညာနဲ့ ရေကြီး ရေလျှံမှုတွေကို စောင့်ကြည့်ရေး အင်ဂျင်နီယာ အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းထား ပါတယ်။

သြဂုတ် ၂၈ ရက်က အဲဒီ ရေကန်မှာ ရေထု ၂ ဒသမ ၅ သန်း ကုဗမီတာအထိ ရှိလာပြီး လွန်ခဲ့တဲ့ တစ်ရက်က အင်ဂျင်နီယာအဖွဲ့ရဲ့ တိုင်တာချက်အရ ကုဗမီတာ ၁ ဒသမ ၅ သန်းကနေ ၂ သန်းလောက်အထိပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.