ဘန်ကောက်၊ သြဂုတ် ၂၈
ထိုင်းအစိုးရက အများပြည်သူ အနှောင့်အယှက် ဖြစ်စေတဲ့၊ အများပြည်သူ ဆိုင်ရာ ကျင့်ဝတ်တွေ ချိုးဖောက်တဲ့ အပြုအမူတွေ ကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို နှင်ထုတ်မယ့် ဥပဒေ တစ်ရပ်ကို သြဂုတ် ၂၇ ရက်မှာ ပြဌာန်းလိုက်ပါတယ်။
ဝန်ကြီးချုပ်ရုံးရဲ့ နိုင်ငံခြားသားများ နှင်ထုတ်ရေး ဥပဒေကို ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က သြဂုတ် ၂၆ ရက်မှာ လက်မှတ်ရေးထိုးထားပြီး ဘုရင့်နန်းတော် သတင်းစာတိုက်က ထုတ်ပြန်ထားပါတယ်။
အဲဒီ ဥပဒေအရ အစိုးရအေဂျင်စီတွေအနေနဲ့ နိုင်ငံခြားသားတွေကို သူတို့ရဲ့ မိခင် နိုင်ငံတွေဆီ ပိုမိုလျင်မြန်စွာ ထိထိရောက်ရောက် ပြန်လည်ပို့ဆောင်ရေး လုပ်ပိုင်ခွင့်အာဏာတွေ ပေးသွားမှာ ဖြစ်ပါတယ်။
အဲဒီ ဥပဒေပုဒ်မအရ အများပြည်သူ ငြိမ်သက်မှု၊ အများပြာသူ ကျင့်ဝတ် ဒါမှမဟုတ် ပြည်သူလူထု အကျိုးကို ထိခိုက်စေအောင် လုပ်ဆောင်တယ်လို့ ထင်မှတ်ရတဲ့ အပြုအမူတွေ ကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံက နှင်ထုတ်မှာ ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်အနေနဲ့ နှင်ထုတ်မယ့် နိုင်ငံခြားသားတွေကို စဉ်းစားဆုံးဖြတ်မှုအတွက် ပြည်ထဲရေးဝန်ကြီးဌာနထံ အဲဒီ အမှုတွေကိုအစီရင်ခံ တင်ပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
အဲဒီလို လုပ်ရပ်တွေ ကျူးလွန်သူ ဒါမှမဟုတ် အဲဒီလို လုပ်ရပ်တွေကို လူညီပေးတဲ့ နိုင်ငံခြားသားတွေ အပေါ်လည်း ဥပဒေ သက်ရောက်မှာ ဖြစ်ပါတယ်။
ထိုင်းအစိုးရက အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေမှာ ဘယ်လိုအပြုအမူမျိုး ကျူးလွန်ရင် နှင်ထုတ်ခံရမယ်ဆိုတာ အသေးစိတ် ဖော်ပြမထားဘဲ အများပြည်သူ အနှောင့်အယှက် ဖြစ်စေတယ် မဖြစ်စေဘူးဆိုတာကို အရာရှိတွေကပဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဥပဒေပုဒ်မ အမှတ် ၄ အရ နိုင်ငံခြားသားတွေ နှင်ထုတ်သွားဖို့ သတ်မှတ်ထားပြီး ပုဒ်မ ၅ အရ ဥပဒေချိုးဖောက်မှု ကျူးလွန်ထားတဲ့ နိုင်ငံခြားသားတွေကိုလည်းထောင်ဒဏ် ကျခံပြီးနောက် နှင်ထုတ်သွားဖို့ စီစဉ်ထားပါတယ်။
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သူတွေ တရားမဝင် ဆက်လက် နေထိုင်သူတွေ တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေလည်း အဲဒီ ဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။
အစိုးရ စာရွက်စာတမ်းတွေကို အတုပြုလုပ်မှု အတုအသုံးပြုမှုဆို့ အတွက်လည်း ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ပြစ်မှု တစ်ခုခုအတွက် ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသားတွေကို နှင်လွှတ်ရေး အကျဉ်းထောင် အရာရှိတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနထံ ရက်ပေါင်း ၅၀ အနည်းဆုံးကြိုတင်ပြီး အသိပေးရမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
Ref:Khasodenglish

