ဝါရှင်တန်၊ သြဂုတ် ၂၈
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အွန်တာရီအို ရေကန်ကို အမေရိကန် ရေကန်အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ရေး အထူးညွှန်ကြားချက် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက အမေရိကန်နဲ့ ကနေဒါကြား ကုန်သွယ်ရေး ဆွေးနွေးမှုတွေ ပျက်ပြယ်သွားပြီးနောက် ထရန့်က အခုလိုမျိုး ကြေညာလာတာပါ။
ဒေါ်လာ ဘီလီယံ ၂၀ တန်ဖိုးရှိ ကနေဒါ ကုန်စည်တွေအပေါ် အမေရိကန်က အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံထားပါတယ်။
ကနေဒါကလည်း လာမယ့်လအတွင်း အမေရိကန်အပေါ် ဒေါ်လာနဲ့ ယှဉ်ပြီး တန်ပြန် အခွန်ကောက်ခံသွားမယ်လို့ ပြောထားပါတယ်။
ကုန်သွယ်ရေး အငြင်းပွားမှုအတွင်း ထရန့်က နှစ်နိုင်ငံကြား ဆုံလျက် တည်ရှိတဲ့ ရေကန်ကြီး ၅ ကန်ထဲက တစ်ခုကို အမည်ပြောင်းလဲ သတ်မှတ်မှာ ဖြစ်ကြောင်း ထရန့်က လူမှုမီဒီယာပေါ်မှာ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပါတယ်။
အဲဒီ လုပ်ရပ်ဟာ တရားဝင် ဖြစ်ပြီး ချက်ချင်း အသက်ဝင်မှာ ဖြစ်တယ်လို့ ထရန့်က သြဂုတ် ၂၇ ရက်မှာ ပြောပါတယ်။
မိမိရဲ့ အစိုးရအဖွဲ့အနေနဲ့ အမည်ပြောင်းလဲ သတ်မှတ်ရေး လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံး တင်ပြထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။
အထူး အမိန့် ညွှန်ကြားချက်မှာ ဖော်ပြထားတာက အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ အမေရိကန်မှာ ပြည်တွင်း ပထဝီဝင်ဆိုင်ရာ အမည်နာမတွေအတွက် တာဝန်ရှိတဲ့ ပထဝီဝင် အမည်နာမများ သတင်းအချက်အလက်ဌာနသို့ အမည်ပြောင်းလဲ ပေးပို့ရေး ရက် ၃၀ အချိန် ရရှိမှာ ဖြစ်ပါတယ်။
အွန်တာရီအို ရေကန်ရဲ့ နာမည်ဟာ နှစ်ပေါင်း ၄၀၀ ကျော်အထိ ရှည်ကြာနေပြီ ဖြစ်တယ်လို့ ကနေဒါ ဝန်ကြီးချုပ် မက်ခ် ကာနေက ပြောပါတယ်။
ကနေဒါ ကွန်ဖက်ဒရေးရှင်း ဖွဲ့စည်းမှု အမေရိကန် လွတ်လပ်ရေး ကြေညာမှုမတိုင်ခင်ကတည်းက ရေကန် အမည် ရှိနေခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ကာနေက လူမှုမီဒီယာမှာ ရေးသားထားပါတယ်။
အမေရိကန်က ပြောင်းလဲနေတာ ကျွန်တော်တို့ သိပါတယ်။ သူတို့ရဲ့ ကုန်သွယ်ရေးတွေ၊ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒတွေ၊ နိုင်ငံတော် အထိမ်းအမှတ် အဆောက်အဦတွေ သူတို့ရဲ့ နေရာအမည်နာမ သတ်မှတ်ချက်တွေ အပြောင်းအလဲ ရှိနေတယ်လို့ ကာနေက ရေးပါတယ်။
ကနေဒါ အမျိုးသား အမျိုးသမီးတွေအနေနဲ့ အရာဝတ္ထုတွေကို သူတို့ရဲ့ အမည်နာမများအတိုင်း ခေါ်ဆိုရမယ်ဆိုတာ သိထားပြီး ဒီရေကန်ကို အွန်တာရီအို ရေကန်လို့ ဒီကနေ့ရော နောင် ထာဝရ ခေါ်ဆိုသွားမှာ ဖြစ်ကြောင်း ကာနေက ပြော ပါတယ်။
၂၀၂၅ ခုနှစ်မှာ ထရန့် အိမ်ဖြူတော်သို့ ရောက်လာချိန် မက္ကစီကို ပင်လယ်ကွေ့ကိုအမေရိက ပင်လယ်ကွေ့အဖြစ် အမည်ပြောင်းလဲ သတ်မှတ်တဲ့ အလားတူ ညွှန်ကြားချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဲဒီလို အမည်ပြောင်းလဲမှုကို မက္ကစီကိုက ကန့်ကွက်ခဲ့ပြီး ဘုံပိုင်ဆိုင်တဲ့ နိုင်ငံတကာရေပြင်မှာ နိုင်ငံတစ်နိုင်ငံက အမည်ပြောင်းလဲ သတ်မှတ်လို့ မရဘူးလို့ ပြောပါတယ်။
အမေရိကန်နဲ့ ကနေဒါကြား ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ မဝေးတဲ့ အနာဂတ် အတွင်း ဆွေးနွေးမှုတွေ ရှိလာဖို့ လက္ခဏာတွေ ရှိနေပါတယ်။
အမေရိကန်ရဲ့ တခြားသော ရပ်တည်ချက်တွေနဲ့ ပတ်သက်လို့ နောက်ထပ် အပြုသဘောဆောင်တဲ့ ရှင်းလင်းပြမျိုးကို မိမိတို့ မျှော်လင့်ကြောင်း ကနေဒါ အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ဒိုမီနစ် လီဘလန့်စ်က ပြောပါတယ်။
ကနေဒါနိုင်ငံရဲ့ အချုပ်အခြာ အာဏာအပေါ် လေးစားသမှုရှိတဲ့ နှစ်နိုင်ငံ အကျိုးရှိစေမယ့် ကုန်သွယ်ရေး သဘောတူညီမှု တစ်ရပ် ရရှိစေဖို့လည်း မျှော်လင့်ကြောင်း သူက ဖြည့်စွက် ပြောဆိုပါတယ်။
နှစ်နိုင်ငံကြား ကုန်သွယ်ရေး ဆွေးနွေးမှုတွေဟာ သြဂုတ် ၂၈ ရက် ညက နောက်ဆုံးမိနစ်မှာ ပျက်ပြယ်သွားခဲ့တာ ဖြစ်ပါတယ်။
အချေအတင် ဆွေးနွေးမှုတွေအတွင်း နောက်ဆုံးမိနစ်ရောက်မှ တခြား တောင်းဆိုမှုတွေ ပြုလုပ်တယ်လို့ နှစ်ဖက် အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
ရေကန်ကြီး ၅ ကန်နဲ့ ထိစပ်နေတဲ့ အမေရိကန် မီချီဂန်ပြည်နယ်ရဲ့ ဒီမိုကရက် လွှတ်တော် အမတ် ဒက်ဘီ ဒင်ဂဲလ်က ထရန်ရဲ့ ညွှန်ကြားချက် တုံးအတဲ့ ညွှန်ကြားချက် ဖြစ်ပြီး တားဆီးရေး လွှတ်တော်သို့ ဥပဒေကြမ်း တင်သွင်းသွားမယ်လို့ ပြောထားပါတယ်။
Ref:BBC

