ကွာလာလမ်ပူ၊ သြဂုတ် ၂၈
မလေးရှား အစိုးရက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရေး စစ်ဆေးအတည်ပြုထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၅၀၀ ကို စက်တင်ဘာ ၂၉ ရက်မှာ ပြန်လည် ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
အဲဒီ ဒုက္ခသည်တွေဟာ ကိုယ့်သဘောနဲ့ ပြန်သွားလိုတာ ဖြစ်ပြီး ပထမအသုတ်အတွက် ပြန်လည်ပို့ဆောင်ရေး အစီအစဉ် အပြီးသတ် လုပ်ဆောင်ထားပြီ ဖြစ်တယ်လို့ မလေးရှား အစိုးရက ပြောပါတယ်။
မလေးရှားမှာ ဒေသတွင်း အသိုင်းအဝိုင်းတွေနဲ့ တင်မာမှုတွေရှိနေတဲ့ ဖိနှိပ်ခံ ရိုဟင်ဂျာ လူနည်းစု ၅၀၀၀ ကို မြန်မာ စစ်တပ် ထောက်ခံတဲ့ နေပြည်တော် အစိုးရက လက်ခံဖို့ သဘောတူထားကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က ဇူလိုင်လမှာ ကြေညာခဲ့ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာ ရေတပ်သင်္ဘော နှစ်စီး၊ ဆေးရုံသင်္ဘော တစ်စီးနဲ့ ခေါ်ဆောင်သွားမှာ ဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာ အများစု ပါဝင်တဲ့ လူပေါင်း ၄၀၀၀ ကျော်ကို ဒုက္ခသည် မှတ်ပုံတင်ရေး စီမံကိန်းသို့ လွှဲပြောင်းသွားမှာ ဖြစ်ပြီး တခြား ၅၀၀၀ ကို မြန်မာနိုင်ငံနဲ့ သဘောတူထားချက်အရ မိမိသဘောနဲ့ ပြန်လည်ပို့ဆောင်ရေး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း မလေးရှား အရာရှိတွေက ပြောပါတယ်။
သြဂုတ်လလယ်ပိုင်းအထိ မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး နေရာတွေမှာ ဒုက္ခသည်တွေလို့ မှတ်ယူထားသူ တစ်ယောက်မှ မပါဝင်တဲ့ မြန်မာ နိုင်ငံသား ၁၀၃၈၈ ဦးအထိ ဖမ်းဆီးခံထားရပါတယ်။
မလေးရှား လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အခုနှစ်ကုန်ပိုင်းအထိ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း၊ ဘယ်နိုင်ငံသား ဖြစ်ကြောင်း၊ လူဝင်မှု အခြေအနေ၊ ဒုက္ခသည်အဖြစ် လျှောက်ထားမှု၊ လုံခြုံရေးဆိုင်ရာ နောက်ကြောင်း ရာဇဝင်တွေနဲ့ ပတ်သက်လို့ စစ်ဆေးရေး ရဲတပ်ဖွဲ့နဲ့ လက်တွဲ ဆောင်ရွက်နေပါတယ်။
ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်ကြောင်း ပြောထားပါတယ်။
မြန်မာနိုင်ငံသို့ ပြန်ရောက်လာရင် အန္တရာယ် ကျရောက်မှု မရှိတော့မှ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည် ပို့ဆောင်မှာ ဖြစ်ပြီး သူတို့ရဲ့ လုံခြုံရေးကို ဦးစားပေးသွားမှာ ဖြစ်ကြောင်း မလေးရှား အစိုးရက အခုလ စောစောပိုင်းမှာပဲ ပြောထားတာပါ။
ရိုဟင်ဂျာ ဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံ ပြန်ရောက်လို့ ဖိနှပ်ခံရရင် ဒါမှမဟုတ် သူတို့ရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမယ်ဆိုရင် မလေးရှားက တာဝန်ရှိတဲ့ နိုင်ငံ တစ်နိုင်ငံအနေနဲ့ ပြန်လည် ပို့ဆောင်မှာ မဟုတ်ဘူးလို့ မလေးရှား ဆက်သွယ်ရေးဝန်ကြီး ဖာမီ ဖာဒဇီလ်က ပြောပါတယ်။
လက်ရှိမှာ ဒုက္ခသည်တွေ မြန်မာနိုင်ငံသို့ ကိုယ့်သဘောနဲ့ကိုယ် ဘေးကင်းစွာ ဂုဏ်သိက္ခာ ရှိရှိ ပြန်သွားနိုင်မယ့် အခြေအနေ မရှိသေးကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ပြောထားပါတယ်။
မြန်မာ စစ်တပ်ဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေပြီး စစ်ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဆိုပါတယ်။
မလေးရှားက ၁၉၅၁ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီမှုကို လက်မှတ်မထိုးထားဘဲ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုထားတာ မဟုတ်ပေမယ့် မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ခိုလှုံရာနေရာ နိုင်ငံ ဖြစ်နေတာ ကြာပြီ ဖြစ်ပါတယ်။
အဲဒီလို အသိအမှတ် မပြုထားပေမယ့် မလေးရှားဟာ အရှေ့တောင်အာရှမှာ ဒုက္ခသည် အများဆုံး လက်ခံထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေပြီး UNHCR မှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည် ၂၁၅၀၀၀ အထိ ရှိပါတယ်။
အဲဒီ ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ၁၂၆၀၀၀ ကျော် ပါဝင်ပြီး မလေးရှားမှာ နေထိုင်နေတဲ့ အများဆုံး ဒုက္ခသည်တွေ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ရက်ရက်စက်စက် နှိမ်နှင်းမှုကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးခဲ့ရတာ သြဂုတ် ၂၅ ရက်မှာ ၉ နှစ် ပြည့်ခဲ့ ပါတယ်။
ဒီကနေ့ အချိန်အထိ ဘင်္ဂလားဒေ့ချ် ဒုက္ခသည် စခန်းတွေမှာ ရိုဟင်ဂျာ တစ်သန်းကျော်အထိ ရှိနေပြီး အန္တရာယ်များတဲ့ ပင်လယ်လမ်းကြောင်းကတဆင့် မလေးရှား၊ အင်ဒိုနီးရှားတို့လို နိုင်ငံတွေဆီ ရောက်ရှိဖို့ ကြိုးပမ်းနေကြပါတယ်။
Ref:Reuters/AP

