ဘန်ကောက် ဩဂုတ် ၂၈
မြန်မာနိုင်ငံ တောင်ပိုင်းက ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်အသက်သွင်းဖို့ မြန်မာဘက်က ကြိုးပမ်းနေပြီး ရုရှားနိုင်ငံရဲ့ ပါဝင်မှုနဲ့ ထိုင်းနိုင်ငံဘက်ကလည်း စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာပါတယ်။
ထားဝယ်စီမံကိန်းကို လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်ကတည်းက အရှေ့တောင်အာရှရဲ့ အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းအသစ်တစ်ခုအဖြစ် ရည်ရွယ်ခဲ့တာပါ။
အစီအစဉ်အရ မြန်မာနိုင်ငံ ကပ္ပလီပင်လယ်ဘက်ခြမ်းမှာ ရေနက်ဆိပ်ကမ်းတည်ဆောက်ပြီး အကြီးစားစက်မှုလုပ်ငန်းတွေ၊ လမ်းနဲ့ ရထားလမ်းတွေကို ထိုင်းနိုင်ငံရဲ့ အရှေ့ပိုင်းစီးပွားရေးစင်္ကြံ EEC နဲ့ တိုက်ရိုက်ချိတ်ဆက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဒီလိုသာ အကောင်အထည်ဖော်နိုင်ရင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်နဲ့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးအထိ ထုတ်လုပ်ရေးစင်တာတွေက ကုန်ပစ္စည်းတွေကို အိန္ဒိယသမုဒ္ဒရာဘက်ကို တိုက်ရိုက်ပို့ဆောင်နိုင်မှာဖြစ်ပြီး မလက္ကာရေလက်ကြားကို ဖြတ်သန်းရတဲ့ အချိန်ကိုလည်း ရက်အတော်ကြာ လျှော့ချနိုင်မယ်လို့ မူလစီမံကိန်းရေးဆွဲသူတွေက မျှော်မှန်းခဲ့ပါတယ်။
မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဟာ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် ၂၀၀၈ ခုနှစ်မှာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပေမယ့် ငွေကြေးအခက်အခဲ၊ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေနဲ့ သဘောထားကွဲလွဲမှုတွေကြောင့် ထိုင်းဦးဆောင်တဲ့ ပုဂ္ဂလိကကုမ္ပဏီအုပ်စုကို ပေးထားတဲ့ ဖွံ့ဖြိုးရေးလုပ်ပိုင်ခွင့်ကို ၂၀၂၀ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။
အခုတော့ မြန်မာဘက်က စီမံကိန်းကို ပြန်စဖို့ တရားဝင် ကြိုးပမ်းနေပြီး ရုရှားနိုင်ငံကလည်း စိတ်ဝင်စားမှု ပြသလာပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မြန်မာဘက်က ရေနက်ဆိပ်ကမ်းတည်ဆောက်မယ့် ဧရိယာနယ်နိမိတ် သတ်မှတ်ရေးလုပ်ငန်းဟာ နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ ပြောထားပါတယ်။
ရုရှားနဲ့ မြန်မာတို့အကြား ထားဝယ်စီမံကိန်းနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ရပ် လက်မှတ်ရေးထိုးပြီးနောက် ရုရှားဘက်ကလည်း ရေနက်ဆိပ်ကမ်းအပြင် လျှပ်စစ်ဓာတ်အား ၆၆၀ မဂ္ဂါဝပ်ထုတ်လုပ်မယ့် စက်ရုံ၊ ရေနံချက်စက်ရုံနဲ့ အကြီးစားစက်မှုလုပ်ငန်းတွေ တည်ဆောက်ရေးအထိ အဆိုပြုလာပါတယ်။
ထိုင်းကလည်း ထားဝယ်ကို ပြန်စိတ်ဝင်စားလာ
ထိုင်းနိုင်ငံဘက်ကလည်း ထားဝယ်စီမံကိန်းရဲ့ အကျိုးအမြတ်တွေကို ပြန်လည်စိတ်ဝင်စားလာပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူ ဦးဆောင်တဲ့အစိုးရလက်ထက်မှာ မြန်မာစစ်ဘက်အာဏာပိုင်တွေနဲ့ ထိုင်းနိုင်ငံအကြား ဆက်ဆံရေးဟာ ပိုမိုနွေးထွေးလာခဲ့ပါတယ်။
ဩဂုတ်လအတွင်း မြန်မာ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ် တရားဝင်လာရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်ရေး၊ ရေကြောင်း၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။
အဲဒီထဲမှာ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ဖူးနမ်ရွန်နယ်စပ်ဂိတ်ကနေ ထားဝယ်အထိ ဆက်သွယ်မယ့် ကုန်သွယ်ရေးလမ်းကြောင်းလည်း ပါဝင်ပါတယ်။
ထားဝယ်ဟာ ဖူးနမ်ရွန်နယ်စပ်ဂိတ်ကနေ အနောက်ဘက်ကို ကီလိုမီတာ ၁၄၀ ခန့်အကွာမှာ တည်ရှိပါတယ်။
မင်းအောင်လှိုင်ကလည်း ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေးဖိုရမ်အတွင်း ထားဝယ်စီမံကိန်းကို အတိအလင်း အသားပေးပြောဆိုခဲ့ပါတယ်။
စီမံကိန်းအတွက် အဓိကအခက်အခဲဖြစ်နေတဲ့ လုံခြုံရေးနဲ့ ငွေကြေး
ထားဝယ်စီမံကိန်း ပြန်လည်စတင်နိုင်မယ့် အလားအလာတွေ ရှိလာပေမဲ့ စီမံကိန်းတည်ရှိရာ ဒေသတဝိုက်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် လက်တွေ့အကောင်အထည်ဖော်နိုင်မလားဆိုတာ မေးခွန်းထုတ်ခံနေရပါတယ်။
ကျွမ်းကျင်သူတွေကလည်း ရုရှားနိုင်ငံရဲ့ စိတ်ဝင်စားမှုတစ်ခုတည်းနဲ့ ထားဝယ်စီမံကိန်းတစ်ခုလုံးကို အကောင်အထည်ဖော်နိုင်ဖို့ လုံလောက်မလားဆိုတာ သံသယရှိနေကြပါတယ်။
ထားဝယ်ဟာ ဆိပ်ကမ်းတစ်ခုတည်း တည်ဆောက်ရုံနဲ့ မပြီးဘဲ လမ်းပန်းဆက်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ အခြေခံအဆောက်အအုံတွေကို တပြိုင်နက်တည်း ဖွံ့ဖြိုးအောင် လုပ်ဆောင်ရမယ့် စီမံကိန်းဖြစ်ပါတယ်။
ဒါကြောင့် ရုရှားဘက်က စီမံကိန်းအတွက် မဟာဗျူဟာအရ စိတ်ဝင်စားမှုရှိတာနဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့ ငွေကြေး၊ ရင်းနှီးမြှုပ်နှံသူတွေ၊ နည်းပညာနဲ့ အထောက်အပံ့ပေးမယ့် စက်မှုလုပ်ငန်းတွေကို စုစည်းနိုင်တာဟာ မတူညီတဲ့ကိစ္စတွေဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
တရုတ်ရဲ့ သြဇာကို ထိန်းညှိဖို့ ရုရှားကို ခေါ်ဆောင်လာ
မြန်မာနိုင်ငံဟာ အခုအချိန်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးသြဇာအပေါ် အတော်လေး မှီခိုနေရတာကြောင့် ထားဝယ်လို ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ စီမံကိန်းမှာ ရုရှားကို ပါဝင်လာစေတာဟာ တရုတ်ရဲ့ သြဇာကို ထိန်းညှိဖို့ ရည်ရွယ်ချက်တစ်ခု ဖြစ်နိုင်တယ်လို့ ထောက်ပြမှုတွေ ရှိပါတယ်။
ISEAS-Yusof Ishak Institute က သုတေသီ အီယန်စတိုရေးရဲ့ အဆိုအရ ရုရှားအတွက်လည်း မြန်မာနိုင်ငံဟာ ပထဝီအနေအထား၊ သယံဇာတနဲ့ စွမ်းအင်လိုအပ်ချက်တွေကြောင့် အရှေ့တောင်အာရှမှာ အရေးပါတဲ့ မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်လာနေပါတယ်။
ထားဝယ်စီမံကိန်းသာ အကောင်အထည်ဖော်နိုင်ရင် ရုရှားအနေနဲ့ ကပ္ပလီပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာဘက်ကို ဝင်ရောက်နိုင်မယ့် မဟာဗျူဟာအရ အားသာချက်တစ်ခု ရရှိလာနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိပါတယ်။
ထားဝယ်က ထိုင်းအတွက် တကယ်အကျိုးရှိမလား
ထားဝယ်စီမံကိန်းကို ထိုင်းနိုင်ငံအတွက် အကျိုးရှိမယ့် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုအဖြစ် ပြောဆိုကြပေမယ့် ထိုင်းဘက်က တကယ်လိုအပ်တဲ့ စီမံကိန်းဟုတ်မဟုတ်ကိုတော့ ကျွမ်းကျင်သူတွေက မေးခွန်းထုတ်ထားပါတယ်။
ထိုင်းနိုင်ငံက အရင်က အဆိုပြုခဲ့တဲ့ ရန်နောင်းနဲ့ ချွန်ဖွန်ကို ချိတ်ဆက်မယ့် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့်တန်ဖိုးရှိ ကုန်းတွင်းတံတား စီမံကိန်းကိုလည်း စီးပွားရေးအရ အကျိုးရှိနိုင်ခြေ၊ ငွေကြေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေကြောင့် ဇူလိုင်လနှောင်းပိုင်းမှာ ပြန်လည်သုံးသပ်ဖို့ ဆိုင်းငံ့ထားပါတယ်။
ဒီအခြေအနေမှာ ထားဝယ်စီမံကိန်း ပြန်လည်အသက်ဝင်လာတာဟာ ထိုင်းနိုင်ငံအတွက် ကပ္ပလီပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာဘက်ကို ကုန်သွယ်ရေးလမ်းကြောင်းအသစ်တစ်ခု ရရှိစေနိုင်ပါတယ်။
ဒါပေမယ့် ကုန်ပစ္စည်းတင်ပို့ရာမှာ အကွာအဝေးတစ်ခုတည်းကို ကြည့်လို့မရဘဲ လမ်းပန်းဆက်သွယ်ရေး၊ နယ်စပ်ဖြတ်ကျော်လုပ်ငန်းစဉ်၊ ဆိပ်ကမ်းရဲ့ ထိရောက်မှု၊ သင်္ဘောပြေးဆွဲမှုနဲ့ စုစုပေါင်း ပို့ဆောင်စရိတ်တွေကိုပါ ထည့်သွင်းတွက်ချက်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ထားဝယ်စီမံကိန်းကို ပြန်စနိုင်ဖို့ ခက်ခဲစေတဲ့ စစ်ပွဲတွေ
ထားဝယ်အထူးစီးပွားရေးဇုန်အနီးမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး ဇူလိုင်လကတည်းက စီမံကိန်းဧရိယာအတွက် မြန်မာစစ်တပ်က စစ်သားရာနဲ့ချီ အသုံးပြုပြီး နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
ဒေသခံတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကျွမ်းကျင်သူတွေကလည်း လုံခြုံရေးမရှိဘဲ နှစ်ပေါင်းများစွာ လည်ပတ်ရမယ့် အခြေခံအဆောက်အအုံတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်စိတ်ချစွာ ဝင်ရောက်ဖို့ ခက်ခဲမယ်လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် ထားဝယ်စီမံကိန်းမှာ အရင်ကတည်းက ဒေသခံတွေ နေရာရွှေ့ပြောင်းခံရမှု၊ မြေယာအခွင့်အရေးနဲ့ လျော်ကြေးကိစ္စတွေကြောင့် ဒေသခံဆန့်ကျင်မှုတွေ ရှိခဲ့ပါတယ်။
အဲဒီအတွက် ထားဝယ်စီမံကိန်း ပြန်လည်အသက်သွင်းနိုင်မလားဆိုတာဟာ ရုရှားနဲ့ ထိုင်းတို့ရဲ့ စိတ်ဝင်စားမှုတင်မကဘဲ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့ ငွေကြေးနဲ့ နိုင်ငံရေးအခြေအနေတွေက အဓိကဆုံးဖြတ်ပေးမယ့် အခြေအနေ ဖြစ်နေပါတယ်။
Ref:CNA
channelnewsasia သတင်းဌာန သတင်းထောက် Jarupat Karunyaprasit ရဲ့ “Myanmar’s Dawei port megaproject could offer a regional shipping shortcut, but viability doubts linger” ဆောင်းပါးကို ပြန်လည်စေ့ငု ဖော်ပြပါတယ်။

