မော်လမြိုင် ၊ ဩဂုတ် ၂၈
မွန်ပြည်နယ်မှာ အခုနှစ်ငါးဖမ်းရာသီကို ဇူလိုင်လက စတင်ခွင့်ပြုခဲ့ပေမယ့် စက်သုံးဆီ မရောင်းပေးတာကြောင့် လက်ရှိ ဩဂုတ်လကုန်ထိ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေအများစု မထွက်နိုင်သေးဘူးလို့ ငါးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ငါးဖမ်းလှေတွေအတွက် စက်သုံးဆီတွေကိုတော့ စက်သုံးဆီဆိုင် အများစုက ပုံးတွေ၊ ပီပါတွေနဲ့ မရောင်းပေးတာ၊ အရင်လို အလွယ်တကူ ဝယ်ယူလို့ မရတာ အပြင် စက်သုံးဆီ မှောင်ခို ဈေးကွက်မှာလည်း ဈေးနှုန်း အဆမတန် ကြီးမြင့်နေတာပါ။
စက်သုံးဆီ အခက်အခဲကြောင့် ငါးလုပ်ငန်း လုပ်ကိုင်သူတွေဟာ ငါးဖမ်းလှေတွေ လျှော့ချလိုက်ရတာ၊ စက်သုံးဆီ မရှိတဲ့ အတွက် ငါးဖမ်းတွေ မထွက်နိုင်တာ၊ ငါးလုပ်ငန်းကို လုံးဝရပ်နားလိုက်ရတဲ့ အခြေအနေတွေအထိ ဖြစ်ပေါ်နေပါတယ်။
ငါးလုပ်ငန်းရှင်တစ်ဦးက စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီတွေကို ပုံးတွေနဲ့ မရောင်းပေးတာကြောင့် ငါးဖမ်းလှေ အများစု မထွက်နိုင်တော့ဘူးလို့ သံလွင်တိုင်းမ်ကို ပြောလာပါတယ်။
“ဆီက သူတို့က ပုံးနဲ့ မရောင်းဘူး။ပုံးနဲ့ မရောင်းတော့ ဝယ်လို့ မရဘူး။ဝယ်လို့ မရတော့ မထွက်ဘူး။အများစု တစ်ဝက်နှုန်းတောင် မထွက်ကြတော့ဘူး၊ သူတို့ ပုံးနဲ့ဆိုရင် လုံးလုံး မရောင်းတာ။မှောင်ခိုတွေ ဆီက ဝယ်ပေါ့။မှောင်ခို ဝယ်လို့ ရရင် ဈေးကြီးကြီးနဲ့ ဝယ်ပြီး ထွက်ပေါ့၊ သိပ်မကိုက်တော့ မထွက်ဘူးပေါ့၊ ကုန်ဈေးကလည်း တက်တော့”လို့ ဆိုပါတယ်။
ဒါ့အပြင် ငါးဖမ်းလှေတွေဟာ ကုန်းပေါ်တင်ပြီး စက်သုံးဆီ ထည့်လို့ မရတာကြောင့် အခုလို ပုံးတွေနဲ့ စက်သုံးဆီတွေ မရောင်းပေးတဲ့အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်း ပေးသင့်သလို မဖြေရှင်းပါက ငါးလုပ်ငန်းအားလုံးနီးပါး ရပ်နားရနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ငါးလုပ်ငန်းရှင် နောက်တစ်ဦးကလည်း စက်သုံးဆီတွေကို သတ်မှတ် ပေါက်ဈေးနဲ့ မရောင်းပေးတာကြောင့် မှောင်ခိုဈေးနဲ့ ဈေးကြီးပေးပြီး ဝယ်ယူနေရတဲ့အတွက် မကြာမီကာလအတွင်း ငါးဖမ်းလှေတွေ ထပ်နားရနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဆီက ဘယ်လိုဝယ်ရလည်းဆိုတော့ တကယ်မှာဆိုရင် ပေါက်ဈေးနဲ့ကိုကွာ ပိုပြီး ဝယ်နေရတယ်ပေါ့နော်။မှောင်ခိုပေါက်ဈေးက တစ်ပီပါကို ကျပ် ၁၁ သိန်းကနေ ၁၅ သိန်းလောက်အထိ ပေးနေရတယ်။ စက်သုံးဆီ အခက်အခဲကြောင့် လှေကြီးတွေ နားထားရတယ်။ ဒီပုံစံအတိုင်းဆိုရင် ငါးလှေတွေ နားရမှာပဲ”လို့ ဆိုပါတယ်။
လက်ရှိမှာ ငါးဖမ်းလှေ အများစု စက်သုံးဆီ အခက်အခဲကြောင့် ငါးဖမ်းတာ မထွက်နိုင်ဘဲ လုပ်ငန်နားရပါက အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ငါးဈေးနှုန်းတွေပါ ထပ်မံမြင့်တက်လာနိုင်ပါတယ်။
အခုလို စက်သုံးဆီ အခက်အခဲကြောင့် ငါးဖမ်းလှေတွေ မထွက်နိုင်တဲ့အတွက် ကျွမ်းကျင် လုပ်သားအများစုဟာ ကြုံရာကျပန်း လုပ်ကိုင် နေရတာတွေ ရှိသလို တချို့က နီးစပ်ရာ နိုင်ငံတွေကို ထွက်ခွာသွားတာတွေ ရှိတယ်လို့ ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒေသတွင်းမှာ စက်သုံးဆီတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်ကစတင်ကာ အာဏာသိမ်း စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် စစ်အစိုးရရဲ့ စက်သုံးဆီ ထုတ်ယူခွင့် တင်းကျပ်မှုကြောင့် မြို့နယ် အားလုံး နီးပါးမှာ တစ်ကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှုတွေကို ပြန်လည် ကြုံတွေ့နေရတာပါ။
တဖက်မှာလည်း စစ်တပ် အသွင်းပြောင်း စစ်အစိုးရက စက်သုံးဆီ ခြိုးခြံချွေတာဖို့ဆိုတဲ့ အကြောင်း ပြချက်နဲ့ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က စတင်ကာ QR Code စနစ် ရောင်းချပေးနေပေမယ့် ပုံးတွေ၊ ပီပါတွေနဲ့ ရောင်းချ မပေးတာကြောင့် ငါးဖမ်းလှေတွေ အပါအဝင် မီးစက်ကြီး အသုံးပြုပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကအစ ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။
မွန်ပြည်နယ်မှာတော့ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေပေါင်း ၃၀၀၀ ကျော် ရှိနေပြီး အဲဒီလုပ်ငန်းအပေါ် မှီခိုရပ်တည်နေရတဲ့ မိသားစု သောင်းနဲ့ချီ ရှိသလို ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းဟာ မွန်ပြည်နယ်ရဲ့ တတိယမြောက် စီးပွားရေး လုပ်ငန်း တစ်ခုလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

