မြဝတီ၊ သြဂုတ် ၂၈

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၆ မင်းလက်ပံနဲ့ ဖလူးနယ်မြေအတွင်းမှာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး လေကြောင်းဗုံးကြဲမှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြဝတီမြို့တောင်ဘက် ထိုင်း-မြန်မာနယ်စပ်နားက မင်းလက်ပံ ဖလူးနဲ့ သဲဖြူချောင်ကျေးရွာအနီးမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့ ဩဂုတ်လ ၂၇ ရက်နေ့အထိ တိုက်ပွဲဆက်ဖြစ်နေပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်တပ်က မြဝတီတောင်ဘက်ပိုင်းက နေရာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်ခတ်ခဲ့တာရှိသလို တိုက်လေယာဉ် Y-12 လေယာဉ်တွေနဲ့ ဗုံးကြဲချတိုက်ခိုက်မှုတွေ ဆက်ရှိနေခဲ့တယ်လို့ ဖလူးဒေသခံတစ်ဦးက ဆိုပါတယ်။

တဖက်မှာလည်း စစ်အစိုးရအဖွဲ့နဲ့ မြဝတီမြို့တောင်ပိုင်းအခြေစိုက် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တို့အကြား ထိုင်း-မြန်မာနယ်စပ် ကျောက်ခက်နယ်မြေအတွင်းမှာတည်ရှိတဲ့ ကျားဖြန့်အဆောက်အဦးတွေကို ဖျက်ဆီးဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

DKBA ဗိုလ်မှူးချုပ်စိုင်းကျော်လှ အကာအကွယ်ပေးထားတဲ့ ကျောက်ခက်နယ်မြေထဲကို ဦးတည်လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့ သဲဖြူချောင်းအနီးနားမှာ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ရှေ့ဆက်တိုးနိုင်ဖို့အတွက် လေကြောင်းဗုံးကြဲမှုတွေ လုပ်ဆောင်နေခဲ့တယ်လို့ နယ်မြေဒေသခံတွေက ဆိုပါတယ်။

NCA အပစ်ရပ်စာချုပ်ထိုးထားတဲ့ DKBA တပ်ဖွဲ့နဲ့ စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC တို့ဟာ ဇူလိုင်လ ၉ ရက်နေ့တုန်းက တွေ့ဆုံဆွေးနွေးခဲ့ရာ ကျားဖြန့်နဲ့မပတ်သက်ဖို့ DKBA ကို NSPNC ဥက္ကဌ ဗိုလ်ချုပ်ကြီးရာပြည့်က သတိပေးခဲ့ပြီး ကျောက်ခက် -ဝေါ်လေ -ဘုရားသုံးဆူမှာ ကျားဖြန့်တိုက်ဖျက်သွားဖို့လည်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

စစ်အစိုးရအဖွဲ့နဲ့ DKBA တို့ တွေ့ဆုံမှုအပြီး ထိုင်း-မြန်မာ နယ်စပ် ကျောက်ခက်နယ်မြေမှာရှိတဲ့ တရုတ်ကျားဖြန့်တွေကို DKBA က အမြန်ဆုံးရွှေ့ပြောင်းပေးနေပြီး DKBA ဗဟိုဌာနချုပ်နေရာအနီးတဝိုက်မှာ အဆောက်အဦးအသစ်တွေ ဆောက်လုပ်ကာ ကျောက်ခက်က ရွှေ့ပြောင်းရောက်ရှိလာတဲ့ တရုတ်ကျားဖြန့်တွေကို နေရာချထားပေးခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.