မကွေး ဩဂုတ် ၂၇

ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ ပြည်သူ့စစ်တွေအနေနဲ့ စစ်အုပ်စု အရာရှိတွေကို သတ်ဖြတ်ပြီး ထွက်ပြေးနိုင်ခဲ့ရင် ရာထူးအဆင့်အလိုက် ဆုချမယ်လို့ သရက်ခရိုင်ပကဖ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒုဗိုလ်အဆင့်ကနေ ဗိုလ်မှူးကြီးအဆင့်အထိ ငွေကျပ်သိန်း ၁၀၀ ကနေ သိန်း ၁၀၀၀ အထိ ဆုချပေးသွားမယ်လို့ သိရပါတယ်။

“မင်းတုန်းမြို့နယ်ကို ရောက်နေတဲ့ ပစတွေထဲက စိတ်ဓာတ်ခံယူချက် မှန်ပြီး ဇရှိတဲ့ ညီကိုတွေအတွက် အထူးပလန်တစ်ခု လုပ်ပေးတာ။ အဲဒါကတော့ စစ်အုပ်စု အရာရှိတွေကို တေ့ဖြုတ်နိုင်ခဲ့ရင်ဆုချပေးသွားမယ်။” လို့ သရက်ခရိုင် ပကဖ တာဝန်ခံ ကိုဗဟိန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်သူ့စစ်တွေအနေနဲ့ ဒုဗိုလ်အဆင့်ကိုသတ်ဖြတ်နိုင်ခဲ့ရင် သိန်း ၁၀၀၊ ဗိုလ်အဆင့် ကျပ်သိန်း ၂၀၀၊ ဗိုလ်ကြီးအဆင့် ကျပ်သိန်း ၃၀၀၊ ဗိုလ်မှူးအဆင့် ကျပ်သိန်း ၅၀၀၊ ဒုဗိုလ်မှူးကြီးအဆင့် ကျပ်သိန်း ၇၀၀ နဲ့ ဗိုလ်မှူးကြီး အဆင့်ကို ကျပ်သိန်း ၁၀၀၀ ဆုချပေးသွားမယ်လို့ သိရပါတယ်။

မင်းတုန်းမြို့ကနေ ရခိုင်ရိုးမဘက်ကို စစ်ကြောင်းထိုးဖို့ ရောက်ရှိလါတဲ့ စစ်တပ်စစ်ကြောင်းတွေမှာ ပြည်သူ့စစ်အင်အားက ၇၀ ရာခိုင်နှုန်းလောက် ပါဝင်တယ်လို့ ကိုဗဟိန်းက ပြောပါတယ်။

ရခိုင်ရိုးမဘက်မှာ ရာသီဥတု ဆိုးရွားပြီး မင်းတုန်းမြို့နယ်မှာလည်း ငှက်ဖျားဖြစ်ပွားမှု များနေတာကြောင့် ပြည်သူ့စစ်တွေအနေနဲ့ သေဆုံးဖို့ များနေလို့ ပြည်သူ့ရင်ခွင် ခိုလှုံဖို့ကိုလည်း သရက်ခရိုင် ပကဖ က တိုက်တွန်းထားပါသေးတယ်။

ဒါ့အပြင် ပြည်သူ့ရင်ခွင်ခိုလှုံရာမှာ လက်နက်ခဲယမ်းတွေ ယူဆောင်လာခဲ့ကြဖို့နဲ့ ထွက်ပြေးတဲ့အချိန်မှာ ထန်းပင်ကုန်းနဲ့ ဖြူကန်ရွာတွေကို ရှောင်ဖို့ကိုလည်း သတိပေးထားပါသေးတယ်။

မင်းတုန်းမြို့နယ်အတွင်း ဩဂုတ် ၂၀ ရက်ကနေ ၂၆ ရက်အထိ တိုက်ပွဲတွေဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ခဲယမ်းနဲ့ ကားတွေကိုသိမ်းဆည်းရမိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် -USBA က ဩဂုတ် ၂၆ ရက်က ထုတ်ပြန်ထားပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.