မကွေး ဩဂုတ် ၂၇
မကွေးတိုင်း သရက်ခရိုင်မှာ အာဏာသိမ်း စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ United States Of Burma Army- USBA က သတင်းထုတ်ပြန်ထားပါတယ်။
မင်းတုန်းမြို့နယ်ဘက်ကနေ မင်းလှမြို့နယ် ရှမ်းတပ်ရဲစခန်းဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းတွေနဲ့ သြဂုတ် ၂၀ ရက်ကနေ ၂၆ ရက်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။
“လမ်းတလျှောက် ရွာတွေက နေအိမ်တွေတော့ အကုန် မွှေနှောက် ခိုးယူတာမျိုးတွေလုပ်တယ်။ ရမ်းသမ်းပစ်ခတ်လို့ ဥယျဉ်ပုရွာက ဆရာလေးတစ်ပါး ခေါင်းကျည်ထိလို့ ဆေးရုံရောက်တယ်။” လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီစစ်ကြောင်းတွေဟာ သြဂုတ် ၂၇ ရက်အထိ ရှိနေဆဲဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ရေးသတင်းကို မပြတ်နားစွင့်ပြီး ဘေးကင်းလုံခြုံရေး အမြဲ ပြင်ဆင်ထားကြဖို့ နှိုးဆော်လိုပါတယ်လို့ ကိုသာချိုကပြောပါတယ်။
သြဂုတ် ၂၃ ရက်က အာဏာသိမ်းစစ်တပ်ရဲ့ အင်အား ၁၀၀ ပါ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ ၂၀ ဝန်းကျင် သေဆုံးကာ ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
အဲဒီလို အထိအခိုက်များတာကြောင့် စစ်ကြောင်းပျက်ပြီး လေကြောင်း၊လက်နက်ကြီး၊ ဒရုန်းပစ်ကူတွေ ယူကာ ကျောက်တိုင်အထိုင်စခန်းဘက်အထိ တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းထံကနေ ဖောကား ၁ စီး၊ မီးစက် ၁ လုံးအပြင် ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ USBA ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သြဂုတ် ၂၄ ရက်မှာတော့ မင်းတုန်းမြို့နယ်ကနေ အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ထပ်မံထိုးလာခဲ့ပြီး ကျောက်တိုင်စခန်းကနေ ၈ မိုင်ပဲကွာတဲ့ ရှမ်းတပ် ရဲစခန်းကို သြဂုတ် ၂၆ ရက်မှာ ဝင်ရောက်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – USBA

