ဘီးလင်း၊ သြဂုတ် ၂၇
ရေကြီးနိုင်မှု အန္တရာယ်ရှိနေတာကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်နဲ့ ပဲခူးတိုင်း ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ ကြိုတင်တိမ်းရှောင်ရှားကြဖို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားဦးစီးဌာနက သတိပေးထုတ်ပြန်ပါတယ်။
မိုးဇလရဲ့ ဒီကနေ့ သြဂုတ် ၂၇ ရက်နေ့ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၆ လက်မခန့်အလိုမှာ ရောက်ရှိနေပြီး နောက် တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။
ဘီးလင်းမြစ်ရေကလည်း ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေ ၃ လက်မခန့်အလိုမှာ ရောက်ရှိနေပြီး နောက် တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ပါတယ်။
ဒါကြောင့် ရွှေကျင်မြို့နယ်နဲ့ ဘီးလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေ ထိုင်သူတွေအနေနဲ့ ကြိုတင်သတိပြုကြဖို့နဲ့ မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြဖို့ သတိပေးတိုက်တွန်းထားပါတယ်။
လက်ရှိမှာ ဘီးလင်းမြစ်ရေ ဆက်လက်မြင့်တက်လာတာကြောင့် မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်တချို့က အိမ်ထောင်စု ၄၀ လောက်ဟာ ဘီးလင်းမြို့နယ် အားကစားရုံ ရေဘေးကယ်ဆယ်ရေးစခန်းမှာ ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယအပတ်တုန်းကလည်း ဘီးလင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်သွားတာကြောင့် မြို့ပေါ်ရပ်ကွက် ၅ ခုနဲ့ကျေးရွာပေါင်း ၃၀ ကျော်မှာ ရေကြီးနစ်မြှုပ်မှုဖြစ်ပွားခဲ့ပြီး လူဦးရေ တစ်သောင်းကျော် ရေဘေးသင့်ခဲ့ရပါတယ်။
အလားတူ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အတ္တရံမြစ်ရေ မြင့်တက်လာတာကြောင့် ရပ်ကွက်ကျေးရွာပေါင်း ၃၀ ထက်မနည်း ရေမြှုပ်နေပြီး စာသင်ကျောင်းအများစု ယာယီပိတ်ထားရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

