သရက်ချောင်း၊ ဩဂုတ် ၂၇
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် တောင်ဇင်းကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က နေအိမ် ၅ လုံး မီးရှို့ဖျက်ဆီးခဲ့တဲ့ပြင် ကားနှစ်စီးနဲ့ ဆိုင်ကယ်အစီး ၃၀ ကျော်ကိုလည်း မတရားသိမ်းယူသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ စစ်တပ်စစ်ကြောင်းဟာ တောင်ဇင်းကျေးရွာအုပ်စုရှိ ရှင်မုတ္တီး၊ ရောင်းမော်၊ ဆေးဖြတ်ကုန်း၊ ကင်းရှေ့၊ မိုးရွှေကုန်း၊ စောဖျား၊ ကျောက်လှေကား၊ ကထီးဝ စတဲ့ကျေးရွာကို စစ်ကြောင်းထိုးလာပြီး အရပ်သားပြည်သူတွေကို ရန်သူသဖွယ် ပစ်မှတ်ထားတိုက်ခိုက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းထိုးနေတဲ့ အဲဒီရက်ပိုင်းတွေအတွင်း ကထီးဝကျေးရွာက နေအိမ်တစ်လုံးနဲ့ ကျောက်လှေကားကျေးရွာက နေအိမ် လေးလုံး မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်လှေကားရွာက နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းထိုးချိန် ကာလအတွင်း ပဒတ်ချောင်းကျေးရွာက ပြည်သူပိုင် ခြောက်ဘီးကျောက်တင် ကားတစ်စီး၊ လေးဘီးကားတစ်စီး၊ ထော်လာဂျီနှစ်စီးနဲ့ ဆိုင်ကယ် အစီး ၃၀ ကျော်ကိုလည်း မတရားသိမ်းယူသွားတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးခဲ့တဲ့အပြင် ပြည်သူ ၁၀ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ရိုက်နှက်ညှင်းပန်းမှုတွေကို ကျူးလွန်ခဲ့တယ်လို့ ဆိုထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာဆီယံဘုံသဘောတူညီချက်တွေကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတဝန်းက အပြစ်မဲ့ အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးသတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှုတွေကို နေ့စဉ်ကျူးလွန်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် တောင်ဇင်းကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံတွေ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာ တောတောင်တွေမှာ ဖြစ်သလိုနည်းနဲ့ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

