နေပြည်တော် ၊ ဩဂုတ် ၂၈

အာဏာသိမ်းစစ်တပ်ကနေ အရပ်သား အသွင်ပြောင်း စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံကို လာရောက်ဖို့ ဖိတ်ကြားခံရပြီး နှစ်နိုင်ငံအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ အပြန်အလှန် ထောက်ခံသွားမယ်လို့ နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဩဂုတ် ၂၆ ရက်နေ့က ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ကို လာရောက်ပြီး ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံကာ သူတို့ နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

ဒါဟာ ဗီယက်နမ်သမ္မတ၊ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် တိုလမ်က ဦးမင်းအောင်လှိုင်ကို ဗီယက်နမ်နိုင်ငံကို လာရောက်ဖို့ ဖိတ်ကြားမှုနဲ့ လာရောက်မယ့် ခရီးစဉ်အပေါ် ကြိုဆိုနေမှုကို သတင်းစကားပါးဖို့ နိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး ငုယင်အန်းဒပ်က ဩဂုတ် ၁၃ ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်ဖို့ ဆွေးနွေးခဲ့ကြပြီးနောက် အခုလို အခြေအနေ ရောက်ရှိလာတာပါ။

တွေ့ဆုံမှုကိုတော့ ကိုယ်တိုင်ခန့် သမ္မတနဲ့အတူ သမ္မတရုံး ဝန်ကြီး ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေ၊ ဗီယက်နမ်ဘက်က နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်၊ အာဆီယံရေးရာဌာန၊ အရှေ့တောင်အာရှ၊ တောင်အာရှနဲ့ တောင်ပစိဖိတ်ဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

နှစ်နိုင်ငံအစိုးရ လွှတ်တော် တပ်မတော်နဲ့ ပြည်သူတွေ အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုတွေ အပါအဝင် စီးပွားရေးအရ နယ်ပယ်သစ်တွေ တိုးချဲ့ရေးနဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုတွေ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးနဲ့ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံက တက်ရောက်သွားဖို့ ရှိနေပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ အပြန်အလှန်ထောက်ခံ အားပေးသွားမှာဖြစ်ပြီး ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေကောင်းနိုင်ငံတွေအဖြစ် ဆက်လက်ရပ်တည် ဆောင်ရွက်သွားဖို့ကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်နေမှုနဲ့ နိုင်ငံတကာဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေမှုကိုလည်း ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံမှုအတွင်း တင်ပြခဲ့တယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ၊ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သဘောထားတင်းမာတဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်ကောင်းလာမှာ မဟုတ်သလို စစ်အစိုးရကို အာဆီယံအသိုင်းအဝိုင်းထဲ ပြန်ဆွဲခေါ်ဖို့ စောသေးတယ်လို့ သုံးသပ်ပါတယ်။

“ကျန်တဲ့ သဘောထားတင်းမာတဲ့ အထူးသဖြင့် စင်ကာပူတို့ မလေးရှားတို့ အရှေ့တီမောဆို ပိုတောင် ဝေးသေးတယ်။ အဲဒီလို နိုင်ငံတွေနဲ့တော့ ဆက်ဆံရေး ချက်ခြင်း ပြန်ကောင်းလာမှာ မဟုတ်သေးဘူး။ တခါ အင်ဒိုနီရှားဆိုရင် သူက အာဆီယံထဲမှာ အင်အားအကြီးဆုံးပါ။ သူကတော့ ကမ္ဘာပေါ်မှာ တော်တော်လေးကို အင်အားကြီးတဲ့ နိုင်ငံကြီးတစ်ခုဆိုတော့ သူတို့ရဲ့ သဘောထားတွေကလည်း အရေးကြီးပါတယ်။ အဲဒါကြောင့် အခုလာမယ့် နိုဝင်ဘာမှာတော့ (အာဆီယံထိပ်သီးအစည်းအဝေး) အရမ်းစောလွန်းနေပါသေးတယ်။ ဘာမှ နိုင်ငံရေးအရ တိုးတက်မှု မရှိသေးတာ။ ဘယ်အခြေအနေ ဘယ်လိုတိုးတက်တယ်ပြောပြီး ဘယ်လိုလုပ် သူ့ကို (စစ်အစိုးရ) ဒီ အသိုင်းအဝိုင်းထဲ ပြန်ဆွဲခေါ်လို့ ရမလဲပေါ့နော်။ အဲဒါကြောင့် အရမ်းစောပါသေးတယ်။ ဘာမှ ဖြစ်မှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။

တစ်နိုင်ငံချင်းစီ Bilateral အရ ထိတွေ့ဆက်ဆံမှုနဲ့ စီးပွားရေးချိတ်ဆက်မှုတွေ ရှိနေမှာဖြစ်သလို တစ်နိုင်ငံချင်းစီ ပြုလုပ်တဲ့ အစည်းအဝေးတွေကိုလည်း ဖိတ်ကြားရင်တော့ စစ်အစိုးရဘက်က တက်ရောက်ခွင့်ရှိပေမယ့် ဘုံသဘောတူညီချက်နဲ့ပတ်သက်ပြီး အားလုံးရဲ့ ဆန္ဒအပေါ် မူတည်နေတယ်လို့ သူက ထောက်ပြပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်အနေနဲ့ ရွေးကောက်ပွဲဝင်မပြိုင်ဘဲ သမ္မတ ရာထူးကို ကိုယ်တိုင်ခန့်အပ်ပြီး အရပ်သားအသွင်ပြောင်း အစိုးရကို ဖွဲ့စည်းထားပေမယ့် အာဆီယံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု မရရှိသေးပါဘူး။

ဒါပေမယ့် ဦးမင်းအောင်လှိုင်အနေနဲ့ မိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ဘယ်လာရုစ်အပြင် အာဆီယံအဖွဲ့ဝင် လာအိုနဲ့ ထိုင်းနိုင်ငံတို့ကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းကလွဲရင် အဲဒီနိုင်ငံတွေဟာ စစ်အစိုးရကို နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြု ထောက်ခံထားကြတာပါ။

လာမယ့် စက်တင်ဘာမှာလည်း ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်ဖို့ ရှိနေပြီး အခုခါမှာ ဗီယက်နမ်နိုင်ငံက ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗီယက်နမ်ခရီးစဉ်နဲ့ ပတ်သက်ပြီး အချိန်ကာလတော့ မသိရှိရသေးပါဘူး။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးကတော့ ဦးမင်းအောင်လှိုင်ရဲ့ လာမယ့် ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဘုံအကျိုးစီးပွားအတွက် စာမျက်နှာသစ် ကဏ္ဍသစ်ကို ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပိုမိုတိုးတက်ခိုင်မာအောင် မြှင့်တင်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ဗီယက်နမ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှု လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်တွေကို လေးစားတန်ဖိုးထားကြောင်းနဲ့ သူတို့ နိုင်ငံအပေါ် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေနိုင်ငံအဖြစ် မှတ်ယူနိုင်တယ်လို့ ဆိုပါတယ်။

ဦးမင်းအောင်လှိုင်ကတော့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့အတွက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားနိုင်မယ်လို့ ပြောကြားထားတာပါ။

တစ်ဘက်မှာတော့ ဗီယက်နမ်စစ်တပ်နဲ့ မြန်မာစစ်တပ်တို့ဟာ မြန်မာပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Mytel ကို ပြည်တွင်းရှိ ပုဂ္ဂလိက အစုအဖွဲ့တွေနဲ့အတူ ဖက်စပ်ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PPIB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.