ကော့ဇ်ဘဇား၊ သြဂုတ် ၂၇

ဘင်္ဂလားဒေ့ချ်ရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေက မြန်မာ နိုင်ငံသို့ ဘေကင်းစွာ ပြန်လာခွင့်ရရေး ဆန္ဒပြတောင်းဆိုထားပါတယ်။

မြန်မာ စစ်တပ်က နှိမ်နှင်းပြီးနောက် ၉ နှစ်အကြာမှာ သူတို့ရဲ့ နေရပ်ဌာနေသို့ ပြန်ခွင့်ရရှိရေး သြဂုတ် ၂၅ ရက်မှာ တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်မှု နဝမမြောက် နှစ်လို့ ပြောကြားတဲ့ နေ့ ဆန္ဒပြပွဲမှာ ရခိုင်ပြည်နယ် လုံခြုံမှု သေချာစေရေး နိုင်ငံတကာ အသိုင်းအဝိုင်းက ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

ဘင်္ဂလားဒေ့ချ် အရှေ့တောင်ပိုင်း ကော့ဘဇားဒေသ ဒုက္ခသည် စခန်းတွေမှာ လက်ရှိ နေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော်ရှိပါတယ်။

သူတို့ အများစုဟာ ရိုဟင်ဂျာ မွတ်ဆလင် အဖွဲ့တွေက ၂၀၁၇ ခုနှစ်အတွင်း နယ်မြေ လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ပြီးနောက် မြန်မာ စစ်တပ်ရဲ့ နှိမ်နှင်းမှုကြောင့် ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ချ် အစိုးရက ဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်ရေး စောစောပိုင်းက နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့ပေမယ့် လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တွေနဲ့ ဒုက္ခသည် တစ်ဦးမှ မပြန်လိုတာကြောင့် အဆင်မပြေ ဖြစ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ချ်က ဒုက္ခသည် တစ်ဦးတစ်ယောက်ကိုမျှ အတင်းအကြပ် ပြန်ပို့မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ဘင်္ဂလားဒေ့ချ်ရှိ သံတမန် အဖွဲ့အစည်း ၁၅ ခုနဲ့ ဥရောပသမဂ္ဂ အဖွဲ့တို့က ရိုဟင်ဂျာ ဒုက္ခသည်တွေကို နိုင်ငံတကာက ကူညီထောက်ပံ့ပေးရေး တိုက်တွန်းထားပါတယ်။

ပူးတွဲ ကြေညာချက်တစ်ရပ်မှာ အဲဒီ သံအဖွဲ့တွေက လက်ရှိ ဘင်္ဂလားဒေ့ချ်မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော် ရှိပြီး ဆယ်စုနှစ် တစ်စုကျော်ကြာ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ချ် အစိုးရကို ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။

အဲဒီ ကြေညာချက်မှာ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီ၊ ဂျပန်၊ ကိုဆိုဗို၊ နယ်သာလန်၊ နော်ဝေး၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်တို့လည်း ပါဝင်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေအရ မိမိတို့အနေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည် ခေါင်းဆောင် ဆေယက် အူလာက ပြောပါတယ်။

အခုလ စောစောပိုင်းက နေပြည်တော် အစိုးရက ရခိုင်ပြည်နယ်မှာ လုံခြုံရေး အခြေအနေတိုးတက်လာရင် ရိုဟင်ဂျာတွေကို လက်ခံသွားမယ်လို့ ပြောဆိုထား ပါတယ်။

ဒါပေမဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ချ်က ရခိုင်ပြည်နယ်သို့ ခိုးဝင် နေထိုင်ကြတဲ့ ဘင်္ဂလီတွေ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုကို ဒါကာ အစိုးရက ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.