နီပေါ-တိဘက် ရေကြီးမှုမှာ သေဆုံးသူ ၄၀၀ နီးပါးအထိ တိုးလာ

ခတ္တမန္ဒူ ဩဂုတ် ၂၈

နီပေါနဲ့ တရုတ်နိုင်ငံ တိဘက်ဒေသနယ်စပ်မှာ ဩဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ လျှပ်တပြက် ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူ ဦးရေ ၄၀၀ နီးပါးအထိ ရှိလာပြီး လူ ၁,၄၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဒီနေ့ ဩဂုတ် ၂၈ ရက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို တတိယမြောက်နေ့အဖြစ် ဆက်လက်လုပ်ဆောင်နေကြပြီး အသက်ရှင်ကျန်ရစ်သူတွေကို အမြန်ဆုံးရှာဖွေနေကြပါတယ်။

အခုအချိန်မှာတော့ ဘေးအန္တရာယ်ဖြစ်ပွားရာ အနီးတဝိုက်မှာ ရေတွေ စုဝေးနေတဲ့ ရေကန်တွေ မြင့်တက်လာနေတာကြောင့် ရေကန်တွေ ပေါက်ထွက်ပြီး ရေကြီးမှု ထပ်မံဖြစ်ပွားနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

နီပေါနိုင်ငံဘက်မှာ ဘိုတီးကိုရှီမြစ်ကို အပျက်အစီးတွေ ပိတ်ဆို့ပြီး ဖြစ်ပေါ်လာတဲ့ ရေကန်တစ်ကန်ဟာ ရေတဖြည်းဖြည်း မြင့်တက်လာနေပြီး ရေပေါက်ထွက်နိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ နီပေါ ဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်တွေက ပြောပါတယ်။

ဩဂုတ် ၂၆ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုဟာ နီပေါနယ်စပ်ဘက်မှာ ရေခဲနဲ့ ကျောက်တုံးတွေ ပြိုကျမှုကနေ စတင်ခဲ့တာဖြစ်ပြီး ရေ၊ မြေစာနဲ့ ကျောက်တုံးအကြီးစားတွေဟာ ဘိုတီးကိုရှီ နဲ့ ထရိရှူလီ မြစ်ကြောင်းတလျှောက်ကို အရှိန်ပြင်းပြင်းနဲ့ စီးဆင်းသွားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ တိဘက်ဘက်မှာလည်း လာမယ့် ၃ ရက်အတွင်း ရေ ကုဗမီတာ ၃ သန်းခန့်ဟာ ရေကန်တစ်ကန်ထဲကို ဆက်လက်စီးဝင်လာနိုင်တယ်လို့ တရုတ်ရေအရင်းအမြစ်ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

ရေ ကုဗမီတာ ၃ သန်းဆိုတာ အိုလံပစ် ရေကူးကန်ပေါင်း ၁,၂၀၀ ခန့်နဲ့ ညီမျှတဲ့ ရေပမာဏဖြစ်ပါတယ်။

တရုတ်အစိုးရပိုင်မီဒီယာ CCTV က ရေအရင်းအမြစ်ဝန်ကြီးဌာနကို ကိုးကားပြီး အဲဒီရေကန်ဟာ ရေပြည့်လျှံပြီး ပေါက်ထွက်နိုင်ခြေ အလွန်မြင့်မားနေတယ်လို့ ဖော်ပြပါတယ်။ ရေစီးဆင်းမှု အမြင့်ဆုံးအခြေအနေဟာ စက်တင်ဘာ ၁ ရက်ဝန်းကျင်မှာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ဝန်ကြီးဌာနရဲ့ ရေအားလျှပ်စစ်နဲ့ ရေဗေဒဌာနမှ သုတေသီ ကျူ ကျင်ဖန်ကတော့ “ရေပမာဏ ဆက်ပြီးတိုးလာနေသလို ရေကန်ပေါက်ထွက်နိုင်တဲ့ အန္တရာယ်လည်း ပိုတိုးလာနေပါတယ်” လို့ CCTV သတင်းဌာနကို ပြောပါတယ်။

အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ရဲ့ အဆိုအရ ဒီဘေးအန္တရာယ်ဟာ ရေခဲမြစ်ပြိုကျမှုကနေ စတင်ခဲ့ပြီး ရေခဲနဲ့ မြေစာတွေ အရှိန်ပြင်းပြင်း စီးဆင်းလာခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ နိုင်ငံခြားသား ၃၁ ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ နီပေါခရီးသွားဘုတ်အဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ကယ်ဆယ်နိုင်ခဲ့သူတွေထဲမှာ အိန္ဒိယနိုင်ငံသား ၁၁ ဦး၊ တောင်ကိုရီးယားနိုင်ငံသား ၄ ဦး၊ အမေရိကန်နိုင်ငံသား ၂ ဦး၊ ရုရှားနိုင်ငံသား ၂ ဦး၊ အီတလီနိုင်ငံသား ၂ ဦး၊ ဘူလ်ဂေးရီးယားနိုင်ငံသား ၁ ဦး၊ ဆွစ်ဇာလန်နိုင်ငံသား ၁ ဦးနဲ့ နိုင်ငံသားမသိရသေးသူ ၈ ဦး ပါဝင်ပါတယ်။

စင်ကာပူနိုင်ငံသား ၉ ဦးလည်း ပျောက်ဆုံးနေသူစာရင်းထဲမှာ ပါဝင်နေပြီး စင်ကာပူအစိုးရက ဘေးအန္တရာယ်ခံစားနေရသူတွေကို ကောင်စစ်ဝန်ရေးရာအကူအညီပေးဖို့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ကို နီပေါနိုင်ငံသို့ စေလွှတ်ထားပါတယ်။

ဒါ့အပြင် စင်ကာပူကြက်ခြေနီအဖွဲ့ ကလည်း ရေဘေးကယ်ဆယ်ရေးအတွက် စင်ကာပူဒေါ်လာ ၅၀,၀၀၀ လှူဒါန်းမယ်လို့ ကြေညာထားပါတယ်။

လက်ရှိအချိန်မှာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပျောက်ဆုံးနေသူ ၁,၄၀၀ ကျော်ကို ဆက်လက်ရှာဖွေနေပြီး ရေကန်တွေမှာ ရေပမာဏ ဆက်လက်မြင့်တက်နေတဲ့အတွက် နောက်ထပ် ရေကြီးမှုဖြစ်လာနိုင်တဲ့ အန္တရာယ်ကိုလည်း အထူးသတိထားနေကြရပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.