မော်စကို၊ သြဂုတ် ၂၉
စစ်မှုထမ်း ခေါ်ယူမယ်ဆိုတဲ့ ကောလာဟလ သတင်းတွေထွက်ပေါ်လာပြီးနောက် တစ်ပတ်အတွင်း ရုရှားနိုင်ငံသား ၁၁၃၀၀၀ ဟာ ဗာခနီလားစ် စစ်ဆေးရေးဂိတ်က တဆင့် ဂျော်ဂျီယာနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရပါတယ်။
သြဂုတ် ၂၀ ရက် တစ်ရက်တည်းမှာ လူ ၂၀၀၀၀ ကျော် အဲဒီ နယ်စပ်ဂိတ်က ဖြတ်သန်းသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်တွေကထက် သိသိသာသာ ပိုများနေတယ်လို့ ရုရှား ဖက်ဒရယ် အကောက်အခွန် ဌာနက ဖော်ပြပါတယ်။
မကြာသေးခင်လတွေက ကရင်မလင် နန်းတော်ကနေ စစ်သား အသစ် ခေါ်ယူရေး အရှိန်မြှင့် လုပ်ဆောင်လာပြီး အရန်စစ်သား စုဆောင်းမှုကိုပါ အရှိန်မြှင့်ထားပါတယ်။
ရုရှား အမျိုးသားအစောင့်တပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေလည်း တိုးမြှင့်ထားပါတယ်။
တချိန်တည်းမှာပဲ ကုလသမဂ္ဂဆိုင်ရာ ရုရှား အမြဲတမ်း ကိုယ်စားလှယ် ဗာဆီလီ နီဗန်ဇယာက ရုရှားမှာ စစ်သားသစ် ခေါ်ယူရေး စီစဉ်ထားတာ မရှိသလို မျှော်လင့်ထားတာလည်း မရှိဘူးလို့ တုံ့ပြန်ပါတယ်။
သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ရုရှားဟာ ယခုနှစ် တစ်လတည်းအတွင်းမှာစစ်သား အသစ် ၃၀၀၀၀ ကျော် ခေါ်ယူလို့ မရ ဖြစ်နေပြီး တချို့လတွေမှာ ၂၇၀၀၀ လောက်ပဲ ခေါ်ယူလို့ ရနေတယ်လို့ ဆိုပါတယ်။
ဒီလို အခြေအနေကြောင့် ရုရှား အာဏာပိုင်တွေက အရင် စစ်မှုမထမ်းအနေနဲ့ စစ်မှုထမ်းကာလ ပြီးဆုံးပြီးဖြစ်တဲ့ အသက် ၅၅ နှစ်အောက်အရွယ် အရန် စစ်သားတွေကို အဓိကထား တိုးမြှင့် ခေါ်ယူထားပါတယ်။
ယူကရိန်း ထောက်လှမ်းရေးရဲ့ ဖော်ပြချက်အရ ရုရှားက ၂၀၂၆ နဲ့ ၂၀၂၇ အတွင်း စစ်သား အသစ် ၆ သိန်း ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အခုနှစ်အတွင်း စစ်သား ၃ သိန်းနဲ့ လာမယ့်နှစ်အတွက် နောက်ထပ် ၃ သိန်း ခေါ်ယူဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ရုရှားမှာ စစ်မှုထမ်း ခေါ်နေတာကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ အာမေးနီးယားသို့လည်း ထွက်ပြေးနေကြပါတယ်။
အာမေးနီးယား လုံခြုံရေးကောင်စီ အတွင်းရေးမှူး အလန် ဆီမွန်ယန်က ရုရှား နိုင်ငံသားတွေကို အာမေးနီးယားက ကြိုဆိုကြောင်း ပြောထားပါတယ်။
မိမိတို့နိုင်ငံသို့ ရောက်ရှိလာတဲ့ ရုရှား နိုင်ငံသားတွေအနေနဲ့ အဆင်ပြေတဲ့ အချိန် ရုရှားသို့ ပြန်နိုင်တယ်လို့လည်း သူက ပြောပါတယ်။
၂၀၂၆ ခုနှစ် ဇူလိုင်လက ရုရှား ပြည်သူတွေကို သဘောထား ကောက်ခံရေး သုတေသန စင်တာရဲ့ သဘောထား စစ်တမ်းမှာ ရုရှားနိုင်ငံသား ၆၆ ရာခိုင်နှုန်းက သူတို့နိုင်ငံအနေနဲ့ ရှေ့လျှောက် ခက်ခဲတဲ့အချိန်တွေ ဖြတ်သန်းရမယ်လို့ ယုံကြည်ကြောင်း ဖော်ပြပါတယ်။
စီးပွားရေး ထိခိုက်မှုနဲ့ အရေးပါတဲ့ အခြေခံ အဆောက်အဦတွေကို တာဝေး ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ၊ ရုရှားက ယူကရိန်းကို အင်အား အပြည့်သုံး ကျူးကျော် တိုက်ခိုက်မှုကြောင့် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီး နောက်ပိုင်း အများပြည်သူ စိုးရိမ်မှု အမြင့်မားဆုံး ဖြစ်နေပါတယ်။
Ref:United24media

