ခတ္တမန္ဒု ဩဂုတ် ၂၇

နီပေါ-တိဘက်နယ်စပ်မှာ ဩဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ ရုတ်တရက်ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၁,၃၀၀ ကျော် ပျောက်ဆုံးနေပြီး သေဆုံးသူ အနည်းဆုံး ၁၆၅ ဦးအထိ ရှိလာပါတယ်။

ပျောက်ဆုံးနေသူတွေထဲမှာ နိုင်ငံခြားသား ခရီးသွားတွေ အများအပြား ပါဝင်နေပြီး အိန္ဒိယ၊ ဩစတြေးလျ၊ ဗြိတိန်၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံသားတွေ ပါဝင်တယ်လို့ သိရပါတယ်။ စင်ကာပူနိုင်ငံသား ၂ ဦးလည်း ပျောက်ဆုံးနေသူတွေထဲမှာ ပါဝင်တယ်လို့ ခရီးသွားကုမ္ပဏီ Himalayan Glacier က ပြောပါတယ်။

ရေကြီးမြေပြိုမှုဟာ နီပေါနိုင်ငံအတွင်း ကျေးရွာတွေ၊ လမ်းတွေနဲ့ တံတားတွေကိုပါ ရေလှိုင်းနဲ့ ရွှံ့နွံတွေက တိုက်စား ဖျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ရဲ့ အဆိုအရ ရေခဲမြစ်ပြိုကျမှုကနေ ရွှံ့နဲ့ အပျက်အစီးတွေ အရှိန်အဟုန်နဲ့ စီးဆင်းလာပြီး အခုလို အကြီးအကျယ် ပျက်စီးမှု ဖြစ်ပေါ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နီပေါနိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ နီပေါဘက်အခြမ်းမှာ နီပေါနိုင်ငံသားတွေနဲ့ နိုင်ငံခြားသား ခရီးသွားတွေ အပါအဝင် လူ ၈၂၀ ကျော်နဲ့ အဆက်အသွယ်ပြတ်နေပါတယ်။ တစ်ဖက်မှာတော့ တိဘက်ဒေသ ဂျီရုန်းခရိုင်အတွင်း ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုနဲ့ ရေကြီးမှုကြောင့် ပျောက်ဆုံးနေသူ ၅၅၈ ဦးရှိပြီး အဲဒီထဲမှာ နိုင်ငံခြားသား ၂၆၀ ဦး ပါဝင်တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို တိဘက်ဘက်မှာ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း ၈၀၀ နီးပါး အသုံးပြုဆောင်ရွက်နေပြီး နီပေါဘက်မှာလည်း စစ်တပ်က လေကြောင်းကနေ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ဒါပေမယ့် အန္တရာယ်က အဆုံးမသတ်သေးဘဲ နီပေါ-တရုတ်နယ်စပ်က မြစ်အထက်ပိုင်းမှာ ရေစီးဆင်းမှုကို ပိတ်ဆို့ထားတဲ့ အပျက်အစီးတွေ ရှိနေသေးတာကြောင့် ဒုတိယအကြိမ် ရေလွှမ်းမိုးမှု ထပ်မံဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ခတ္တမန္ဒု အခြေစိုက် International Centre for Integrated Mountain Development (ICIMOD) ရဲ့ ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူတွေကလည်း ရေခဲမြစ်ကနေ နှင်းထုကြီး ပြိုကျမှုကြောင့် ဒီ ရုတ်တရက်ရေကြီးမှု ဖြစ်ပွားခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ထရိရှူလီမြစ်မှာ ရေမျက်နှာပြင်ဟာ နာရီဝက်အတွင်း ၉ မီတာအထိ မြင့်တက်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါဟာ ရေလွှမ်းမိုးမှုရဲ့ အရှိန်နဲ့ ပြင်းထန်မှု ဘယ်လောက်ကြီးမားခဲ့သလဲဆိုတာကို ပြသနေပါတယ်။

သဘာဝဘေးအန္တရာယ် လျှော့ချရေး ကျွမ်းကျင်သူ ဆက်ဝါတာ ဆန်ယဲကလည်း ရာသီဥတုပူနွေးလာနေတဲ့ ဟိမဝန္တာဒေသမှာ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်သတိပေးနိုင်ရေးစနစ်တွေ ပိုမိုအရေးကြီးလာနေပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းကလည်း တိဘက်မှာ အပူချိန်မြင့်တက်မှုကြောင့် ရေခဲမြစ်ရေကန်တစ်ခု ရေလျှံပြီး အလားတူ ရုတ်တရက်ရေကြီးမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ လူ ၉ ဦး သေဆုံးခဲ့ပြီး နီပေါနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်ပေးထားတဲ့ တံတားအပါအဝင် အရေးကြီး အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

ဟိမဝန္တာဒေသဟာ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားနိုင်ခြေ မြင့်မားတဲ့ဒေသဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေခဲမြစ်တွေ အရည်ပျော်လာမှုတွေကြောင့် ရာသီဥတုပြောင်းလဲလာတာနဲ့အမျှ အန္တရာယ်က ပိုမိုမြင့်တက်လာနေပါတယ်။

ယခုနှစ်အစောပိုင်းမှာ ခတ္တမန္ဒု အခြေစိုက် သုတေသီတွေက ဟိန္ဒူကတ်ရှ် ဟိမဝန္တာဒေသတလျှောက် ရေခဲမြစ်တွေ အရည်ပျော်မှုဟာ ပိုမိုမြန်ဆန်လာနေပြီး ၂၀၀၀ ပြည့်နှစ်ကတည်းက ရေခဲဆုံးရှုံးမှုနှုန်းဟာ နှစ်ဆအထိ မြင့်တက်လာခဲ့တယ်လို့ တွေ့ရှိထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.