ဘန်ကောက် ဩဂုတ် ၂၇

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်မှာ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံသားအဖြစ် အတုအယောင်မှတ်ပုံတင်ပေးနေတဲ့ ကွန်ရက်တစ်ခုကို ထိုင်းအာဏာပိုင်တွေက ဖော်ထုတ်ခဲ့ပြီး သံသယရှိသူ ၂၀ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ဒီဖြစ်စဉ်ဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသားအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၅,၀၀၀ နီးပါးကို ထိုင်းနိုင်ငံသားအဖြစ် သတ်မှတ်နိုင်အောင် အဆင့် ဝ မှတ်ပုံတင်ကတ်တွေ တရားမဝင် ထုတ်ပေးခဲ့တဲ့ ဖြစ်စဉ်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်း ပြည်ထဲရေး ဒုတိယဝန်ကြီး ဝေါ်ရာဆစ် လီယန်ပရာဆစ်ရဲ့ ပြောကြားချက်အရ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအရာရှိ စုစုပေါင်း ၂၀၀ ခန့်ဟာ ဩဂုတ် ၂၆ ရက် မနက်ပိုင်းမှာ ချိုင်ပရာကန်မြို့နယ်အတွင်း သံသယရှိသူတွေရဲ့ နေရာ ၃၅ ခုကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ အစိုးရဝန်ထမ်း တချို့နဲ့ ထိုင်းနိုင်ငံသား အိမ်ရှင်တွေ ပူးပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို အဆင့် ၀ မှတ်ပုံတင်ကတ် ထုတ်ပေးခဲ့တယ်လို့ သံသယရှိနေပါတယ်။

အဆင့် ၀ ကတ်ဟာ ပုံမှန်အားဖြင့် ထိုင်းနိုင်ငံသားဖြစ်ပေမယ့် အိမ်ထောင်စုစာရင်း မှတ်တမ်းမရှိသေးသူတွေကို ထုတ်ပေးတဲ့ မှတ်ပုံတင်အမျိုးအစား ဖြစ်ပါတယ်။ အထူးသဖြင့် နယ်စပ်ဒေသတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေ၊ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ နေထိုင်သူတွေကို အိမ်ထောင်စုစာရင်းထဲ ထည့်သွင်းနိုင်ဖို့ အသုံးပြုတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကွန်ရက်မှာတော့ အဲဒီစနစ်ကို အလွဲသုံးစားလုပ်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံသားအဖြစ် ပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ အတုအယောင် အိမ်ထောင်စုစာရင်းတွေ ဖန်တီးတာ၊ လက်ဗွေမှတ်တမ်းတွေကို ပြည့်ပြည့်စုံစုံ မယူထားတာ၊ အစိုးရစာရွက်စာတမ်းတွေကို အတုလုပ်တာ စတဲ့ မမှန်မကန်လုပ်ရပ်တွေကို တွေ့ရှိထားပါတယ်။

လက်ရှိအချိန်အထိ သက်သေအထောက်အထား လုံလောက်တဲ့ သံသယရှိသူ ၃၅ ဦးကို ဖော်ထုတ်ထားပြီး အဲဒီထဲမှာ အစိုးရဝန်ထမ်း ၉ ဦး၊ ထိုင်းနိုင်ငံသား အိမ်ပိုင်ရှင် ၃ ဦးနဲ့ ရွှေ့ပြောင်းအလုပ်သမား ၂၃ ဦး ပါဝင်ပါတယ်။

ဩဂုတ် ၂၆ ရက်က ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းဆီးခဲ့သူ ၂၀ ဦးမှာ ချိုင်ပရာကန် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ အကြီးအကဲဟောင်းတစ်ဦး၊ တန်ဘွန် အုပ်ချုပ်ရေးမှူးတစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၊ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံမှာ မွေးဖွားသူတွေအဖြစ် တရားမဝင် ထောက်ခံပေးခဲ့တဲ့ ထိုင်းနိုင်ငံသား အိမ်ပိုင်ရှင် ၈ ဦးနဲ့ မြန်မာနိုင်ငံသား ၉ ဦး ပါဝင်ပါတယ်။

အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ဒီစုံစမ်းစစ်ဆေးမှုကြောင့် ရွှေ့ပြောင်းအလုပ်သမား ၇၅ ဦးရဲ့ ထိုင်းနိုင်ငံသားအဖြစ် သတ်မှတ်ထားမှုကို ရုပ်သိမ်းပြီးသားဖြစ်ပါတယ်။

ဒါပေမယ့် စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ဆောင်နေပြီး လက်ရှိမှာ ထိုင်းနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားပေမယ့် တကယ်တမ်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်နိုင်တယ်လို့ သံသယရှိသူ နောက်ထပ် ၄,၉၄၇ ဦး ရှိနေပါတယ်။

အဲဒီ ၄,၉၄၇ ဦးကိုလည်း အာဏာပိုင်တွေက စောင့်ကြည့်ထားပြီး ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ ပြည်နယ် စီမံအုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

အာဏာပိုင်တွေကတော့ ဒီလို အတုအယောင် ထိုင်းနိုင်ငံသားပြုလုပ်ပေးတဲ့ ကွန်ရက်တွေကို ဆက်လက်နှိမ်နင်းသွားမယ်လို့ ပြောထားပါတယ်။

Ref:BangkokPost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.